နတ်တလင်းမြို့နယ်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် မြို့နယ်အဆင့်ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

နတ်တလင်း မေ ၃၀

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင် နတ်တလင်းမြို့နယ်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် မြို့နယ်အဆင့်ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့နံနက် (၉)နာရီက နတ်တလင်းမြို့ အခြေခံပညာအထက်တန်းကျောင်း မနောဟဒယခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ အခမ်းအနားအား အ.ထ.က(နတ်တလင်း) ကျောင်းသား/ကျောင်းသူလေးများမှ "မြန်မာ့ကျောင်း"သီဆိုဖွင့်လှစ်ခဲ့ပြီး နတ်တလင်းမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ကျော်ဦးက အမှာစကားပြောကြားကာ မြို့နယ်ပညာရေးမှူး ဦးဘိုဘိုအောင်က ပညာရေးကဏ္ဍသည် အရေးကြီးဆုံးသော ကဏ္ဍတစ်ခုဖြစ်ပြီး ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ဆောင်ပုဒ်ဖြစ်သည့် “နိုင်ငံတော်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နှင့်အညီ ဆရာ၊ ဆရာမများ၊ ကျောင်းသားမိဘများအနေဖြင့် ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းတက်နိုင်ရန်အတွက် ဒေသတွင်းရှိ အာဏာပိုင်အဖွဲ့အစည်းများ၊ ရပ်မိရပ်ဖများနှင့် ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ၂၀၂၆ -၂၀၂၇ ပညာသင်နှစ်အတွက် ပညာရေးဝန်ကြီးဌာနမှ အခမဲ့ဖြန့်ဝေပေးသည့် ကျောင်းသုံးပစ္စည်းများဖြစ်သည့် ကျောင်းသုံးပုံနှိပ်စာအုပ်၊ ဗလာစာအုပ်၊ ကျောင်းဝတ်စုံများ၊ ခဲတံ၊ ဘောပင်များကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌတို့မှ ပေးအပ်ခဲ့ကြပြီး အ.ထ.က(နတ်တလင်း) ကျောင်းသား/ကျောင်းသူလေးများမှ "ဇာတိမာန်"သီချင်း သီဆို၍ အခမ်းအနားကိုရုတ်သိမ်းခဲ့ကြောင်း သိရသည်။

ဝေယံဖြိုး(ပြန်/ဆက်)