ပေါက်ခေါင်းမြို့နယ်၌ ကျေးလက်ဒေသဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းကျင်းပ

ပေါက်ခေါင်း    မေ   ၃၀

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊ ဝက်တိုးကျေးရွာရှိ ပညာ့အလင်းရောင်ဘုန်းတော်ကြီးကျောင်း၌ ယမန်နေ့က ကျေးလက်ဒေသဖွံ့ဖြိုးရေးခေါင်းစဥ်ဖြင့် ပြည်သူ့စကား ဝိုင်း (Public Talk) ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် ရှေးဦးစွာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသန်းထူးအောင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးခိုင်ဝေလင်းကအမှာစကား ပြောကြားကာ ပေါက်ခေါင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ချစ်နှင်းသုန်က ကျေးလက်ဒေသဖွံ့ဖြိုးရေး ပြည်သူ့စကားဝိုင်း (Public Talk) ကျင်းပရခြင်း ရည်ရွယ်ချက်များအားရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ကျေးလက်ဒေသဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းအား မြို့နယ်ပညာ ရေးမှူးရုံးမှဒုတိယမြို့နယ်ပညာရေးမှူး ဦးမိုးဇော်က "ပညာရေးကဏ္ဍမှ ဆောင်ရွက်ပေးနိုင်မှု အခြေအနေများ" ခေါင်းစဥ်ဖြင့်လည်းကောင်း၊ မြို့မရဲစခန်းမှူး ဒု-ရဲမှူး မြတ်မင်းသူက "မူးယစ်ဆေးဝါးအကြောင်းသိကောင်းစရာများ" ခေါင်းစဥ်ဖြင့်လည်းကောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခိုင်ခင်မြဝင်းက "ဌာန၏လုပ်ငန်းတာဝန်များ၊ ကျေးလက်လမ်း၊ တံတားများနှင့်ပတ်သက်၍ ဆောင်ရွက်ပေးနေမှု အခြေအနေများ" ခေါင်းစဥ်ဖြင့်လည်းကောင်း၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးမျိုးမင်းလွင်က "စိုက်ပျိုး ထုတ်လုပ်သောသီးနှံများ ဘေးအန္တရာယ်ကင်းရှင်းပြီး အရည်အသွေးကောင်းမွန်အောင် စိုက်ပျိုးသည့် နည်းစနစ်များ" ခေါင်းစဥ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးဟောပြောခဲ့ကြရာ တက်ရောက်လာကြသည့် ဒေသခံပြည်သူများက သိရှိလိုသည်များအား မေးမြန်းခဲ့ရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကြောင်းသိရသည်။

အဆိုပါ ပြည်သူ့စကားဝိုင်းသို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်စီမံခန့် ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဝင်များနှင့် မြို့နယ်ဌာနဆိုင်ရာ အကြီးအကဲများနှင့် ကျေးရွာနေ ပြည်သူများ (၂၀၀) ကျော် တက်ရောက်ခဲ့ကြကြောင်းသိရသည်။

ဖုန်းကျော်ဇင်(ပြန်/ဆက်)