ဟားခါး မေ ၃၀
ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကော်မတီဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုး၊ ဒုတိယဥက္ကဋ္ဌ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ခင်မောင်ထွေး၊ ချင်းပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးကျော်ဇောလင်းနှင့် ပြည်ထောင်စုဝန်ကြီးဌာနများမှ ကော်မတီဝင် ဒုတိယညွှန်ကြားရေးမှူးချုပ်များသည် တီးတိန်မြို့မှ မော်တော်ယာဉ်ဖြင့် တွန်းဇံမြို့သို့ မေလ ၂၉ ရက်နေ့ နံနက် ၁၀ နာရီတွင် ရောက်ရှိလာကြရာ တွန်းဇံမြို့ပေါ်ရှိ ချင်းအကြမ်းဖက်သောင်းကျန်းသူများ၏ တိုက်ခိုက်မှုကြောင့် အစိုးရပိုင်အဆောက်အဦများနှင့် ဒေသခံပြည်သူများ၏ နေအိမ်များ ပျက်စီးဆုံးရှုံးမှုအခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် တွန်းဇံမြို့ အခြေခံပညာအထက်တန်းကျောင်း အစည်းအဝေးခန်းမဆောင်၌ တွန်းဇံမြို့ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးအတွက် အလှူငွေ၊ ဆောက်လုပ်ရေးနှင့် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲကျင်းပရာ ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုးနှင့် ပြည်နယ်ဝန်ကြီး ဗိုလ်မှူးကြီး ခင်မောင်ထွေးတို့က ချင်းအကြမ်းဖက်သောင်းကျန်းသူများ၏ တိုက်ခိုက်မှုကြောင့် ဖြစ်ပေါ်လာသည့် ပျက်စီးဆုံးရှုံးမှုများကို ပြန်လည်ထူထောင်ရေးနှင့် ပြန်လည် တည်ဆောက်နိုင်ရေးအတွက် ယခုကဲ့သို့ လာရောက်ခြင်းဖြစ်ကြောင်း ယခုအခါ တွန်းဇံမြို့နယ်ကို အကြမ်းဖက်သောင်းကျန်းသူများ၏ ထိန်းချုပ်မှုအောက်မှ လွှတ်မြောက်လာပြီဖြစ်၍ အုပ်ချုပ်မှုယန္တရားလည်း စတင်လည်ပတ်နေပြီဖြစ်ကြောင်း၊ အုပ်ချုပ်မှုနှင့် တရားဥပဒေစိုးမိုးမှု အားကောင်းလာအောင် ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန်လိုကြောင်းဖြင့် အမှာစကား ပြောကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုးနှင့် ပြည်နယ်ဝန်ကြီး ဗိုလ်မှူးကြီး ခင်မောင်ထွေးတို့က တွန်းဇံမြို့ ပြန်လည်တည်ဆောက်ရေးပစ္စည်းများဖြစ်သည့် သွပ်၊ သံ၊ ဘိလပ်မြေ နှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ အိမ်ထောင်စု (၃၉) စု လူဦးရေ (၂၆၅) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်းများ၊ (၂) ပတ်စာ ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ငါးပိအတွက် ထောက်ပံ့ငွေကျပ် ၁၃,၆၈၉,၉၀၀/− ပေးအပ်ရာ ဒေသခံပြည်သူများကိုယ်စား မြို့မိမြို့ဖများနှင့် တာဝန်ရှိသူများက လက်ခံရယူကြကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)