ဆင်ပေါင်ဝဲ မေ ၃၀
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်ကိုကိုသည် အဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါကာ ယမန်နေ့ နံနက်ပိုင်းက အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့ မြို့နယ်ခန်းမ၌ လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိ မြို့ဖများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံကာ၊ မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
တွေ့ဆုံစဉ်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကိုက ဒေသဖွံ့ဖြိုးရေးဆိုင်ရာများနှင့်ပတ်သက်၍ အဖွင့်အမှာစကား ပြောကြားပြီး၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်ဌေးက အမှာစကား ပြောကြားကာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကျော်ငြိမ်းထွန်းက ဆင်ပေါင်ဝဲမြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေး ဆိုင်ရာအချက်အလက်များ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ပညာရေး၊ ကျန်းမာရေးနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး၊ မြို့မိမြို့ဖများက ဆင်ပေါင်ဝဲမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး ဒေသလိုအပ်ချက်များအား တင်ပြချက်များအပေါ် သက်ဆိုင်ရာတိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကဏ္ဍအလိုက် ပြန်လည်ဆွေးနွေးတင်ပြကာ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကိုနှင့် တာဝန်ရှိသူများသည် ဆင်ပေါင်ဝဲမြို့နယ် အခြေခံပညာအထက်တန်းကျောင်းသို့ ရောက်ရှိပြီး ကျောင်းသား၊ ကျောင်းသူများအား ကျောင်းသုံးပစ္စည်းများ ပေးအပ်သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မြို့နယ်ပြည်သူ့ဆေးရုံသို့ သွားရောက်၍ ဆေးရုံအတွင်း မင်းဘူးမြို့ ဆေးရုံအုပ်ကြီး ဦးဆောင်သော အထူးဆရာဝန်ကြီးများက ဆင်ပေါင်ဝဲမြို့နှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ပြည်သူများအား အခမဲ့ကွင်းဆင်းဆေးကုသဆောင်ရွက်နေမှုအား လှည့်လည်ကြည့်ရှု၍ ဆေးဝါးကုသမှုခံယူနေသူ ပြည်သူများအား ရင်းရင်းနှီးနှီး တွေ့ဆုံ အားပေးစကား ပြောကြားကာ၊ အခမဲ့ ဆေးကုသမှုဆောင်ရွက်ပေးခဲ့သော မင်းဘူးမြို့ ဆေးရုံအုပ်ကြီး ဦးဆောင်၍ အထူးဆရာဝန်ကြီးများနှင့် ဆေးရုံတက်ရောက်နေ့သည့် ပြည်သူများအား အမှတ်တရလက်ဆောင်ပစ္စည်းများ၊ အာဟာရဖြည့်စွက်စာနှင့် ဆေးစိမ်ခြင်ထောင်များအား ပေးအပ်ခဲ့သည်။
ထို့အတူ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်ကိုကိုနှင့် တာဝန်ရှိသူများသည် ဆင်ပေါင်ဝဲမြို့နယ် ညံတောအင်း ဆိုလာလျှပ်စစ်မြစ်ရေတင်စီမံကိန်းသို့ ရောက်ရှိစဉ်စီမံကိန်းရှင်းလင်းဆောင်၌ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန(ရေအရင်းအမြစ်)မှ ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်ဦးက စီမံကိန်းလုပ်ငန်းများ လည်ပတ်နေမှု အခြေအနေများနှင့် တောင်သူများအား စိုက်ပျိုးရေဖြန့်ဝေပေးနေမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပြီး၊ တင်ပြချက်များအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ် က လိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ညံတောအင်းကျေးရွာ လျှပ်စစ်မြစ်ရေတင်စီမံကိန်းရေသောက် ဧရိယာအတွင်းရှိ ဒေသခံတောင်သူများနှင့် တွေ့ဆုံ၍ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကိုက ဒေသဖွံ့ဖြိုးရေးဆိုင်ရာများနှင့် ပတ်သက်၍ အဖွင့် အမှာစကား ပြောကြားပြီး၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်ဌေးက အမှာစကားပြောကြားကာ ဒေသခံတောင်သူများ၏ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ တင်ပြချက်များအပေါ်လိုအပ်သည်များကို ဆက်စပ်ဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် ဆင်ပေါင်ဝဲမြို့နယ် ညံတောအင်းမြစ်ရေတင်စီမံကိန်းမှ စိုက်ပျိုးရေဖြင့် စိုက်ပျိုးထားသည့် စိုက်ကွင်းများနှင့် ညံတောအင်းကျေးရွာ ကွင်းအမှတ်(၃၈၄)ရှိ တောင်သူ ဦးဝင်းညွှန့်၏ လယ်ယာမြေဧက(ဝ.၇၈)ဧက စိုက်ပျိုးဖြစ်မှုတို့ကို ကြည့်ရှုအားပေးကာ၊ စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး ဒေသခံတောင်သူများနှင့် တာဝန်ရှိသူ များအားလိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ခန့်ဝင်း(ဆင်ပေါင်ဝဲ)