ဘုတ်ပြင်း မေ ၃၀
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်တွင် ရက်(၁၀၀) စီမံချက်ဖြင့် စိုက်ပျိုးရေးဦးစီးဌာနမှ ကော်ဖီ၊ ကိုကိုး၊ ဥယျာဉ်ခြံပျိုးပင်များနှင့် သီဟိုဠ်မျိုးစေ့ပေးအပ်ခြင်းကို မေလ ၂၉ ရက် မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး သပြေခန်းမတွင် ပေးအပ်ခဲ့သည်။
ပေးအပ်ပွဲတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးညီညီက အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးညွှန့်ဝင်းက ပျိုးပင်နှင့် မျိုးစေ့များပေးအပ်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး ဘုတ်ပြင်းမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု(၅)စုမှ ဥယျာဉ်ခြံစိုက်တောင်သူများအား ကော်ဖီ(၂၃)ဧက အတွက် ပျိုးပင်(၂၂၂၀၀)ပင်၊ ကိုကိုး(၁၂)ဧကအတွက် ပျိုးပင်(၅၀၀၀)ပင်၊ ဒူးရင်း(၃)ဧက အတွက်ပျိုးပင်(၁၀၀)ပင၊ သရက်(၁)ဧကအတွက် ပျိုးပင်(၂၅)ပင်နှင့် သီဟိုဠ်(၂၀)ဧကအတွက် မျိုးစေ့ (၂၀)ထုတ်ကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက အသီးသီးပေအပ်ခဲ့သည်။
စိုက်ပျိုးရေးဦးစီးဌာန အနေဖြင့်လည်း ဒေသခံဥယျာဉ်ခြံစိုက်တောင်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မြင့်မာလာစေရန်၊ ဒေသရေမြေသဘာဝနှင့်ကိုက်ညီသည့် အရည်အသွေးကောင်း၊ မျိုးကောင်း မျိုးသန့်များ တိုးချဲ့စိုက်ပျိုးလာစေရန်၊ ဥယျာဉ်ခြံသီးနှံများတိုးချဲ့ စိုက်ပျိုးခြင်းဖြင့် ဝင်ငွေတိုးတက်ပြီး ကျေးလက်နေပြည်သူများ၏ လူနေမှုအဆင့်တန်းမြင့်မားလာစေရန်၊ ကော်ဖီ၊ ကိုကိုးနှင့် အခြားဥယျာဉ်ခြံစိုက်ပျိုးသီးနှံများ စိုက်ပျိုးရေးရည်မှန်းချက်များ ပြည့်မီစွာ စိုက်ပျိုးနိုင်မည်ဖြစ်သည်။
မြို့နယ်( ပြန်/ဆက်)