ထားဝယ်မြို့၌ သံချည်သံကွေးလုပ်သားအဆင့်(၁) သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

ထားဝယ် မေ ၃၀

ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့တို့ပူးပေါင်းဖွင့်လှစ်သော အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သံချည်သံကွေးလုပ်သားအဆင့် (၁) သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ထားဝယ်မြို့၊ Polytechnic University (Dawei)၌ ကျင်းပသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါက်တာ ဝင်းအောင်က သင်တန်းသားများကို သံချည်သံကွေးလုပ်ငန်း နည်းပညာများအပြင် ဆောက်လုပ်ရေးလုပ်သားများ သိသင့်သိထိုက်သော ဘာသာရပ်များဖြစ်သည့် အဆောက်အဦ တည်ဆောက်ခြင်းနှင့် အခြေခံဗဟုသုတများ၊ သံချည်သံကွေးလုပ်ငန်း ဆောင်ရွက်ရာတွင် အသုံးပြုသည့်ပစ္စည်းများ၏ အခေါ်အဝေါ်များနှင့် အဆင့်သတ်မှတ်ချက်များ၊ ပစ္စည်းများ ထားသိုထိန်းသိမ်းခြင်း၊ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာဘာသာရပ် (Occupational Safety and Health)၊ လုပ်ငန်းခွင်အတွင်း ဆောင်ရန်ရှောင်ရန်များ၊ အန္တရာယ်ကင်းရှင်းရေးဆိုင်ရာ ဆိုင်းဘုတ်များအကြောင်း၊ တစ်ကိုယ်ရေကာကွယ်ရေးပစ္စည်းများ (Personal Protected Equipment-PPE) ဝတ်ဆင် အသုံးပြုပုံများ၊ အမြင့်တွင် အလုပ်လုပ်ခြင်း ဆိုင်ရာများ၌ လှေကားအသုံးပြုခြင်း၊ အမြင့်မှပြုတ်ကျခြင်းမှ ကာကွယ်ခြင်းများ၊ လျှပ်စစ်အန္တရာယ်တားဆီးကာကွယ်ရေးများအပြင်လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ ဥပဒေပါအလုပ်ရှင်နှင့် အလုပ်သမားတို့၏တာဝန်များ၊ ပြစ်မှု ပြစ်ဒဏ်များအကြောင်း အသေးစိတ် ဆွေးနွေးသင်ကြားပေးခဲ့ပြီးဖြစ်သောကြောင့် သင်တန်းသားများအနေဖြင့် နိုင်ငံတော်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ရည်ရွယ်ချက်နှင့် စေတနာကို သိရှိနားလည်ပြီး ယခုသင်တန်းက ပို့ချပေးလိုက်သည့် သက်မွေးပညာဆိုင်ရာ ပညာရပ်များကို ကျွမ်းကျင်အောင် ကြိုးစားလေ့လာသင်ယူကြရန်လိုအပ်ကြောင်း၊ မိမိတို့လုပ်ငန်းခွင်များတွင်သင်တန်းက အတွေ့အကြုံများနှင့် ပေါင်းစပ်ပြီးကြိုးစားလုပ်ကိုင်ဆောင်ရွက် သွားကြရန်လိုအပ်ကြောင်းပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက သင်တန်းသားများအား သင်တန်းဆင်းအောင်လက်မှတ်ပေးအပ်ပြီး သင်တန်းသားများကိုယ်စား သင်တန်းသားတစ်ဦးက ကျေးဇူးတင်ပြောကြားကာ  စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သတင်းရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)