မကွေး မေ ၃၀
မကွေးမြို့နယ်အတွင်း တောင်သူများ၏ သီးနှံအလိုက် အထွက်နှုန်းတိုးတက်မြင့်မားရေးအတွက် ရည်ရွယ်၍ ၂၀၂၆-၂၀၂၇ ခုနှစ်၊ စိုက်ပျိုးရာသီအတွက် သီးနှံမျိုးစေ့များထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက မကွေးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မကွေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၊ ဒု-တိုင်းဒေသကြီးဦးစီးမှူး ဦးငွေဆန်းက အဖွင့်အမှာစကားပြောကြားကာ စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးခိုင်မင်းက တောင်သူများအနေဖြင့် သီးနှံများ စိုက်ပျိုးထုတ်လုပ်ရာတွင် မျိုး၊ မြေ၊ ရေ၊ နည်းစနစ် (၄) ခုကို စနစ်တကျမှန်ကန်စွာ အသုံးချစိုက်ပျိုးရန်လိုအပ်ကြောင်းနှင့် ယခုထောက်ပံ့သည့် မျိုးသန့်မျိုးစေ့များကို စိုက်ပျိုးထုတ်လုပ်ပြီးပါက အရည်အသွေးထိန်းသိမ်းခြင်း၊ တောင်သူအချင်းချင်း မျိုးဖလှယ်ခြင်းနှင့် မျိုးစေ့ဖြန့်ဖြူးခြင်းလုပ်ငန်းများကို လိုက်နာဆောင်ရွက်ခြင်းဖြင့် ဒေသတွင်း မျိုးကောင်းမျိုးသန့် လုံလောက်စွာပြန့်ပွားလာမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် တာဝန်ရှိသူများက မကွေးမြို့နယ်အတွင်းရှိ ငါးဆောင်၊ မကြီးကန်၊ သပြေစမ်း၊ သဖန်းဆိပ်ကျေးရွာများရှိ တောင်သူများအတွက် စပါး၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ဝါ နှင့် ပိုက်ဆံလျှော် မျိုးစေ့များကို အသီးသီးထောက်ပံ့ပေးအပ်ခဲ့ပြီး စိုက်ပျိုးရေးဦးစီးဌာနမှ တက်ရောက်လာကြသည့် တောင်သူများအတွက် ဌာနထုတ် စိုက်ပျိုးရေးဆိုင်ရာနည်းပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးအပ်ခဲ့ကြောင်း သိရသည်။
မောင်ခိုင်မင်း (ပြန်/ဆက်)