မိုးညို မေ ၃၀
၂၀၂၆ -၂၀၂၇ ပညာသင်နှစ်၊ မြို့နယ်အဆင့်ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့၊ ဇောတိကရပ်ကွက်၊ ဆရာစံလမ်းရှိ အ.ထ.က (မိုးညို) သရဖူခန်းမ၌ ယမန်နေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ ကျောင်းသား၊ ကျောင်းသူကလေးများက "ကျောင်းအပ်ကြမယ်" သီချင်းဖြင့်သီဆို၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့သည်။ ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဖုန်းလွင်၊ မြို့နယ်ပညာရေးမှူး ဒေါ်နီနီအေးတို့က အမှာစကားပြောကြားပြီး အ.ထ.က (မိုးညို) မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်စန်းစန်းထွေးက ကျောင်းအပ်နှံရေးဆိုင်ရာများကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာဥက္ကဌတို့က နိုင်ငံတော်မှ အခမဲ့ပေးအပ်သော ကျောင်းဝတ်စုံ၊ ဗလာစာအုပ်၊ ခဲတံနှင့် ဘောပင်များကို ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ဆရာမကြီးများထံ ပေးအပ်ခဲ့သည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ကိုမင်း(ပြန်/ဆက်)