ဟုမ္မလင်း၌ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် စစ်ကိုင်းတိုင်းဒေသကြီး တာဝန်ခံ ဦးမြင့်သိန်း ခရိုင်/မြို့နယ် MEVM စက်ကြီးကြပ်ရေးအဖွဲ့များနှင့် တွေ့ဆုံ

ဟုမ္မလင်း မေ ၃၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်မြို့၌ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် စစ်ကိုင်းတိုင်းဒေသကြီး တာဝန်ခံ ဦးမြင့်သိန်း ခရိုင်/မြို့နယ် MEVM စက်နည်းပညာ အထောက်အကူပြုအဖွဲ့နှင့်  MEVM စက်ဆိုင်ရာကြီးကြပ်မှုအဖွဲ့များနှင့် တွေ့ဆုံခြင်း အခမ်းအနားကို၊ ယမန်နေ့ နေ့လယ်(၃)နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် စစ်ကိုင်းတိုင်းဒေသကြီး တာဝန်ခံ ဦးမြင့်သိန်းက ပြီးခဲ့သည့် ရွေးကောက်ပွဲအတွေ့အကြုံများအပေါ် အားနည်းချက်၊ အားသာချက်များကို သုံးသပ်ပြီး နောင်ကျင်းပမည့် ရွေးကောက်ပွဲများအတွက် ကြိုတင်ပြင်ဆင်ထားရန်လိုကြောင်း၊ မဲစာရင်းများမှန်ကန်ရေးသည် ရွေးကောက်ပွဲကျင်းပရာတွင် အလွန်အရေးကြီးသည့်အတွက် မဲစာရင်းမှန်ကန်ရေး သက်ဆိုင်ရာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနတို့နှင့် လစဉ် တိုက်ဆိုင်စစ်‌ဆေး၍ ရှင်သန်သော မဲစာရင်းဖြစ်ရန်လိုကြောင်း၊ ကျင်းပပြီးစီးခဲ့သည့် ရွေးကောက်ပွဲသည် လွပ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ၊ ပြည်သူလူထုထောက်ခံသည့် ရွေးကောက်ပွဲအဖြစ် မှတ်ကျောက်တင်နိုင်ခဲ့ကြောင်း သို့ဖြစ်ပါ၍ နောင်ကျင်းပမည့် ရွေးကောက်ပွဲများကိုလည်း MEVM မဲပေးစက်များဖြင့် ဆောင်ရွက်နိုင်ရေး ကိုယ်စွမ်းဉာဏ်စွမ်းရှိသ၍ ကြိုးစားဆောင်ရွက်ပေးကြရန်လိုကြောင်းနှင့် MEVM မဲပေးစက်များသည် ကြီးကြပ်ကန့်သတ်ပစ္စည်းဖြစ်တဲ့အတွက် ထိခိုက်ပျက်စီးမှုမရှိစေရေး စနစ်တကျ ထားသိုသိမ်းဆည်းရန် MEVM စက်လုံခြုံရေးအဖွဲ့ဝင်များနှင့် တစ်ပတ်တစ်ကြိမ် စစ်ဆေးဆောင်ရွက်ရန် ဆွေးနွေးမှာကြားသည်။

ထို့‌‌နောက် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲဝင်းက ဟုမ္မလင်းမြို့နယ်တွင် ရွေးကောက်ပွဲဆိုင်ရာ မဲပေးစက်များနှင့်ပတ်သက်၍ တင်ပြဆွေးနွေးခဲ့ပြီး MEVM စက်များ ထိန်းသိမ်းထားရန်နေရာသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် စစ်ကိုင်းတိုင်းဒေသကြီး တာဝန်ခံ ဦးမြင့်သိန်းနှင့် ခရိုင်/မြို့နယ် MEVM နည်းပညာ အထောက်အကူပြုအဖွဲ့များ၊MEVM စက်ဆိုင်ရာကြီးကြပ်မှုအဖွဲ့များနှင့် မြို့နယ်ကော်မရှင်အဖွဲ့ဝင်တို့က သွားရောက်ကြည့်ရှု့စစ်ဆေးခဲ့ကြောင်း ဟုမ္မလင်းမြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲမှ သိရသည်။

ဟုမ္မလင်း(ပြန်/ဆက်)