တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌနှင့် CFG Energy Pte. Ltd တို့ M-15 တူးဖော်ရေးစီမံကိန်းနှင့်ပတ်သက်၍ တွေ့ဆုံရှင်းလင်း​ပြောကြားခြင်း

ထားဝယ် မေ ၃၀

တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌနှင့် CFG Energy Pte. Ltd တို့ M-15 တူးဖော်ရေးစီမံကိန်းနှင့်ပတ်သက်၍ တွေ့ဆုံရှင်းလင်းခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီ က ထားဝယ်မြို့၊ တိုင်းဒေသကြီးလွှတ်တော်ရုံး၌ ကျင်းပသည်။

ဦးစွာ CFG Energy Pte. Ltd ၏ ဥက္ကဋ္ဌ Mr. Shen Song Ning နှင့် အဖွဲ့များက ကုမ္ပဏီအနေဖြင့် M-15 ကမ်းလွန်လုပ်ကွက်၊ လွန်တူးဖော်ရေးနှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှုအခြေအနေနှင့် နှစ်ကုန်ပိုင်းတွင် စတင်အကောင် အထည်ဖော်မည့် တူးဖော်ရေးလုပ်ငန်းများ၊ EIA/SIA နှင့် ဆောင်ရွက်နေမှုအခြေအနေများအား ရှင်းလင်းဆွေးနွေး တင်ပြသည်။

ထို့နောက် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအဖွဲ့က မြန်မာနိုင်ငံတွင် စွမ်းအင်ကဏ္ဍတွင်သာမက စွမ်းအင်၊ လျှပ်စစ်၊ ဆိုလာနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဆိုင်ရာလုပ်ငန်းများတွင်လည်း ရင်းနှီးမြှပ်နှံရန် စိတ်ဝင်စားမှုနှင့် လက်ရှိလည်ပတ်နေသော စီမံကိန်းများအတွက် Logistics သယ်ယူပို့ဆောင်ရေးပိုင်းနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးတင်ပြသည်။

ဆက်လက်၍ ဆွေးနွေးတင်ပြမှုအပေါ်တွင် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးမြတ်ကိုက တိုင်းဒေသကြီးအနေဖြင့် လုပ်ငန်းဆောင်ရွက်မည့် နယ်မြေဒေသများရှိ လွှတ်​တော်ကိုယ်စားလှယ်များ၊ ဒေသခံများနှင့် ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ မြို့နယ်တိုင်းတွင် ရွေးကောက်ခံကိုယ်စားလှယ်များရှိသဖြင့် ၎င်းတို့နှင့် ချိတ်ဆက်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ တနင်္သာရီတိုင်းဒေသကြီးတွင်လုပ်ငန်းရှင်များများပြားပြီး စီးပွားရေး အခွင့်အလမ်းများလည်း ပိုမိုရှိကြောင်း၊  လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး Scholarship အစီအစဉ်များမှတစ်ဆင့် တိုင်းဒေသကြီးအတွင်းရှိ ကျောင်းသား၊ ကျောင်းသူများ၏ပညာရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ယင်းနောက် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ CFG Energy Pte. Ltd နှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအဖွဲ့က  စီမံကိန်းအောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သတင်းရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)