မင်းဘူး မေ ၃၀
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၌ မြန်မာနိုင်ငံဂီတအစည်းအစည်းအရုံး၏ ကြီးကြပ်မှုဖြင့် မြို့နယ်ဂီတအစည်းအရုံးအဖွဲ့ ရွေးချယ်ဖွဲ့စည်းခြင်း အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက မန်းသီတာခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဦးစွာ အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးဂီတအစည်းအရုံးဥက္ကဋ္ဌ ဦးအောင်သန်းနှင့် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးဇော်ဝင်းတို့က တိုင်းဒေသကြီးနှင့် မြို့နယ်များအလိုက် ဂီတအစည်းအရုံးအဖွဲ့များ ရွေးချယ်ဖွဲ့စည်းရခြင်းနှင့်ပတ်သက်၍ အမှာစကားပြောကြားပြီး တိုင်းဒေသကြီးဂီတအစည်းအရုံးအတွင်းရေးမှူးနှင့် တာဝန်ရှိသူများက မြို့နယ်ဂီတအစည်းအရုံးအဖွဲ့ ရွေးချယ်ဖွဲ့စည်းခြင်းဆိုင်ရာ လုပ်ငန်းစဉ်အဆင့်အဆင့်နှင့် ဆောင်ရွက်ရမည့်လုပ်ငန်းတာဝန်များကို ရှင်းလင်းတင်ပြကာ ရွေးချယ်တင်မြှောက်ခြင်းခံရသော မြို့နယ်ဂီတအစည်းအရုံးအဖွဲ့ဝင်များက တစ်ဦးချင်း မိတ်ဆက်စကား ပြောကြားခဲ့သည်။
ဆက်လက်ပြီး မကွေးတိုင်းဒေသကြီးဂီတအစည်းအရုံးဥက္ကဋ္ဌ ဦးအောင်သန်းနှင့်တာဝန်ရှိသူများက မြို့နယ်ဂီတအစည်းအရုံးအဖွဲ့၏ အလုပ်အမှုဆောင်ကော်မတီအဖွဲ့ဝင်များအဖြစ် မြို့နယ်ဂီတအစည်းအရုံးအဖွဲ့ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူး၊ စာရင်းစစ်၊ ပြန်ကြားရေးမှူး၊ စည်းရုံးရေးမှူးနှင့်အဖွဲ့ဝင်များကို သတ်မှတ်စည်းကမ်းချက်များနှင့်အညီ စိစစ်ရွေးချယ်ဖွဲ့စည်းပေးခဲ့ပြီးနောက် မြို့နယ်ဂီတအစည်းအရုံးအဖွဲ့ထံ သက်ဆိုင်ရာ လုပ်ငန်းတာဝန်များကိုပေးအပ်ခဲ့ကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)