ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် ၂၀၂၆−၂၀၂၇ ပညာသင်နှစ် ပြည်နယ်အဆင့်ကျောင်းအပ်နှံရေးနေ့အခမ်းအနားသို့ တက်ရောက်ချီးမြှင့်

ဟားခါး မေ ၃၀

၂၀၂၆−၂၀၂၇ ပညာသင်နှစ် ပြည်နယ်အဆင့် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို မေလ ၂၉ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန်က ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံးရှိ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ချင်းပြည်နယ်အဆင့် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ဟားခါးမြို့၊ အမှတ် (၁) အခြေခံ ပညာအထက်တန်းကျောင်း ကျောင်းသား ၊ ကျောင်းသူများက “ ပညာသည်သာ ရတနာ ” သီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီး ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က ၂၀၂၆−၂၀၂၇ ပညာသင်နှစ် ဆောင်ပုဒ်ဟာ “နိုင်ငံတော်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံကြပါစို့” ဖြစ်ပါကြောင်း၊ ကျောင်းနေအရွယ်ကလေးများအားလုံးကျောင်းတက်နိုင်ရေး  နှင့်အနည်းဆုံးKG+ Grade 9 ပြီးဆုံးသည်အထိ ပညာသင်ယူပြီးမြောက်ရန် လိုအပ်ကြောင်း "ကျောင်းနေပျော်၍ စာတော်ရမည်"ဆိုသည့်အတိုင်း ဆရာ/ဆရာမများအနေဖြင့် ကျောင်းသားများအား ပိုမိုဂရုစိုက်ပေးရန်နှင့် ကလေးများ၏ အားနည်းချက်၊ အားသာချက်များကို သိရှိရန်လိုအပ်ကြောင်း၊ ကျောင်းသား ၊မိဘ၊ ဆရာ လက်တွဲညီညာဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ ကျောင်းအပ်နှံရန် လူမှုစီးပွားဘဝအခက်အခဲကြုံနေရသည့်မိဘများ၊ ပညာသင်ယူလိုသော်လည်း ခက်ခဲသည့်ဘဝ ကြုံနေရသည့်ကလေးများလည်း ဆက်လက်ပညာသင်ယူနိုင်ရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြရန်လိုအပ်ကြောင်း၊  နိုင်ငံတော်အနေဖြင့် ကျောင်းနေအရွယ်ကလေးအားလုံး အခြေခံပညာသင်ယူဖို့အတွက် ကျောင်းသုံးပုံနှိပ်များ၊ ဗလာစာအုပ်၊ ခဲတံ၊ ကျောင်းဝတ်စုံ စသည်များကို ထောက်ပံ့ပေးသကဲ့သို့ အခမဲ့ပညာသင်ခွင့်ရအောင် ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ KG+ Grade 9 ပြီးမြောက်အောင်မြင်သူများအနေဖြင့် အသက်မွေး ဝမ်းကျောင်းပညာ အခြေခံရရှိရေးအတွက် Grade 10,11,12 အတန်းများမှာ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် စက်မှု၊ လက်မှုနည်းပညာ များကို သင်ယူနိုင်ရန် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးအထက်တန်းကျောင်းများ ဖွင့်လှစ်ပေးထားပါကြောင်း၊ ၂၀၂၅−၂၀၂၆ ပညာသင်နှစ် ချင်းပြည်နယ်တွင် လူရည်ချွန် ကျောင်းသားများ ပေါ်ထွန်းလာသည့်အတွက် ဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ ဗလငါးတန်နှင့် ပြည့်စုံတဲ့ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ချင်းပြည်နယ်၏ ပညာရေးကဏ္ဍ တိုးတက်မြင့်မားလာရေး၊ ချင်းပြည်နယ်မှာ ကျောင်းနေသူကျောင်းသားဦးရေ ပိုမိုတိုးတက်လာရေးနှင့် အခြေခံပညာကျောင်းများ ယခင်နှစ်က ထက်ပိုပြီးဖွင့်လှစ်နိုင်ရေးတို့ကို မိဘပြည်သူများ၊ ဌာနဆိုင်ရာများ၊ ဒေသခံအာဏာပိုင်များက ဝိုင်းဝန်းကြိုးပမ်းကူညီဆောင်ရွက်ပေးသွားကြရန် တိုက်တွန်းအပ်ပါကြောင်းဖြင့် အမှာစကား ပြောကြားသည်။

ထို့နောက် လူမှုရေးရာဝန်ကြီး ဦးစိန်ထွန်းလှက အခြေခံပညာကျောင်းအရေအတွက် တိုးမြှင့်ဖွင့်လှစ်နိုင်မှုအခြေအနေနှင့် ကျောင်းအပ်နှံမှုယခင်နှစ်ထက် တိုးတက်မှုအခြေအနေများကိုလည်းကောင်း၊ ပြည်နယ်ပညာရေးမှူး ဦးရွှေလိန်းက ကျောင်းအပ်နှံရေးနှင့်ပတ်သက်၍ လည်းကောင်း ရှင်းလင်းတင်ပြကြပြီး နိုင်ငံတော်က အခမဲ့ထောက်ပံ့သည့် အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်  မူလတန်းအဆင့် ပုံနှိပ်စာအုပ်များကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ဝုန်ဆွန်းထန်ကလည်းကောင်း၊ အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်၊မူလတန်းအဆင့် ဗလာစာအုပ်နှင့် ခဲတံ၊ ဘောပင်များကို ချင်းပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ နာယက၊ ပြည်နယ်ဝန်ကြီးချုပ်၏ ဇနီး ဒေါ်ဒိမ်ခန့်လွင်ကလည်းကောင်း၊ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းဝတ်စုံများကို ပြည်နယ်လွှတ်တော်ဥက္ကဌ ဦးကောလ်လျန်ထန်းကလည်းကောင်း ပေးအပ်ကြပြီး ကျောင်းသား၊ ကျောင်းသူများက လက်ခံရယူကြသည်။ ဆက်လက်ပြီးလူမှုရေးရာဝန်ကြီး ဦးစိန်ထွန်းလှက ၂၀၂၅−၂၀၂၆ပညာသင်နှစ် ချင်းပြည်နယ်၊ ဟားခါးခရိုင် လူရည်ချွန်ကျောင်းသားအား ဂုဏ်ပြုဆု ချီးမြှင့်ပေးခဲ့ပြီး လူရည်ချွန်မောင်ဘွဲ့လျန်ကျုံး၊ အ.ထ.က(၁)(Grade-9) ကကျေးဇူးတင်စကားပြောကြားခဲ့သည်။

ယင်းနောက် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း ကျောင်းသား ၊ ကျောင်းသူများက “ကျောင်းသို့ သွားကြစို့” သီချင်းသီဆိုကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ဆရာ၊ ဆရာများက အတန်းအလိုက် ကျောင်းလက်ခံနေမှုနှင့် နိုင်ငံတော်မှ အခမဲ့ထောက်ပံ့သည့် ပုံနှိပ်စာအုပ်၊ ဗလာစာအုပ်၊ ခဲတံများ ပေးအပ်မှုအခြေအနေများကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)