နွေရာသီရေကြောင်းလူငယ် အခြေခံ/ တန်းမြင့် သင်တန်းသား၊ သင်တန်းသူများအား ကြိုဆိုဂုဏ်ပြု

ဘားအံ မေ ၃၀

စခန်းများအားလုံး၏ စွမ်းရည်ပြိုင်ပွဲနှင့်လေ့လာရေးခရီးစဉ်မှ ပြန်လည်ရောက်ရှိလာကြသော ဘားအံရေကြောင်းလူငယ်စခန်း နွေရာသီရေကြောင်းလူငယ် အခြေခံ/ တန်းမြင့်သင်တန်း အမှတ်စဉ် (၁/၂၀၂၆) မှ သင်တန်းသား၊သင်တန်း သူများ၊ နည်းပြ၊ ကြီးကြပ်များအား ကြိုဆိုဂုဏ်ပြုပွဲနှင့် အတွေ့အကြုံရှင်းလင်းပွဲကို မေလ ၂၉ ရက်နေ့ မွန်းလွဲ ၂ နာရီက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။

ပြန်လည်ရောက်ရှိလာသော ရေကြောင်းလူငယ်သင်တန်းသား၊သင်တန်းသူများ၊ နည်းပြ၊ကြီးကြပ်များအား ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြရေးအဖွဲ့နာယက၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက အောင်သပြေကမ်း၊ ပန်းကုံးများစွပ်၍ ဂုဏ်ပြုကြိုဆိုခဲ့ကြပြီး အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းကာလမှာ ရက်သတ္တပတ် ၅ ပတ် ဖြစ်သော်လည်း ရက်သတ္တပတ် (၃) ပတ်မှာ စာတွေ့လက်တွေ့များ သင်ကြားခဲ့ရပြီး ကျန် (၂) ပတ်မှာ ပတ်ဝန်းကျင်သစ်၌ ဗဟုသုတများဖလှယ်ခြင်း၊ သင်တန်းစခန်းအလိုက် မိမိတို့သင်ကြားတတ် မြောက်ထားသော ဘာသာရပ်အလိုက် တတ်ကျွမ်းမှုများကို ဖော်ဆောင်ပြိုင်ပွဲဝင်ခွင့်ရရှိကြသလို အောင်မြင်မှုများ လည်းရရှိခဲ့ကြသည့်အတွက် များစွာဝမ်းမြောက်ဂုဏ်ယူမိပါကြောင်း ပြောကြားသည်။

ထို့နောက် ရေကြောင်းလူငယ်သင်တန်းသား၊ သင်တန်းသူများက သင်တန်းအမှတ်စဉ် (၁/၂၀၂၆) ၏ အကောင်းဆုံး စခန်းဆုကလပ်အား ပြည်နယ်ဝန်ကြီးချုပ်ထံ လွှဲပြောင်းပေးအပ်ပြီး ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းနည်းပြအုပ်ချုပ်သူများအား ဂုဏ်ပြုချီးမြှင့်ငွေကျပ် ၁၁၀၀၀၀ဝိ/- (တစ်ဆယ့်တစ်သိန်းကျပ်) ကို တာဝန်ရှိသူတစ်ဦးထံ ချီးမြှင့်ပေးအပ်ကာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်လူမှုရေးရာဝန်ကြီးတို့က ရေကြောင်းလူငယ်သင်တန်း (၁/၂၀၂၆) ၏အကောင်းဆုံးစခန်းဆု၊ တန်းမြင့်သင်တန်း၏ ဆက်သွယ်ရေးဘာသာရပ်ပြိုင်ပွဲ (ပထမ) ဆု၊ အခြေခံသင်တန်း လှေလှော်ပြိုင်ပွဲ (ကျား) ပထမဆု၊ လှေလှော်ပြိုင်ပွဲ (မ) ပထမဆု၊  ရွက်တိုက်ပြိုင်ပွဲ (ဒုတိယ) ဆု၊ ဆက်သွယ်ရေးဘာသာရပ်ပြိုင်ပွဲ (ဒုတိယ) ဆု၊ ရေတပ်သားဘာ သာရပ်ပြိုင်ပွဲ (ဒုတိယ) ဆု ရရှိကြသူများအား ဂုဏ်ပြုဆုများအား ဂုဏ်ပြုထူးချွန်ဆုများ ပေးအပ်ချီးမြှင့်ကြသည်။

ယင်းနောက် သင်တန်းသား၊သင်တန်းသူများကိုယ်စား သင်တန်းသူနှစ်ဦးက သင်တန်းကာလအတွင်း စာတွေ့လက်တွေ့သင်ကြားခဲ့ရမှုများ၊ မော်လမြိုင်၊ ရန်ကုန်၊ နေပြည်တော် မြို့ကြီးများသို့သွားရောက်၍ စွမ်းရည်ပြိုင်ပွဲနှင့် လေ့လာရေးခရီးစဉ်သွားရောက်ခဲ့ရမှုများ၏ အတွေ့အကြုံများကို ရှင်းလင်းတင်ပြကြပြီး သင်တန်းကာလတစ်လျှောက် လုပ်ကိုင်ဆောင်ရွက်ခဲ့ရမှု Video Clip ကို ကြည့်ရှုအားပေးခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သင်တန်းသား၊သင်တန်းသူများအား ရင်းနှီးနွေးထွေးစွာ တွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများ ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)