ပွင့်ဖြူ မေ ၃၀
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်စိုက်ပျိုးရေးဦးစီးဌာနနှင့် ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန(မျိုးသန့်ခြံ)တို့ ပူးပေါင်းစီစဉ်ကျင်းပသည့် နွေနှမ်းဘောင်ကြီးတင် စိုက်ပျိုးနည်းစနစ်ဖြင့် မျိုးစေ့ထုတ်စိုက်ခင်း တောင်သူပညာပေးကွင်းသရုပ်ပြပွဲကို ယမန်နေ့ နံနက်ပိုင်းက ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန(မျိုးသန့်ခြံ)ရှိ အဆိုပါ မျိုးစေ့ထုတ်စိုက်ကွက်၌ ကျင်းပသည်။
ရှေးဦးစွာ မကွေးတိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးငွေဆန်းက အဖွင့်အမှာစကားပြောကြားပြီး မင်းဘူးခရိုင်စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ခင်စန္ဒာဦးက လယ်ယာစိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုက်နာရမည့်အချက်များကို ရှင်းလင်းပြောကြားကာ ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန(မျိုးသန့်ခြံတာဝန်ခံ) ဦးအောင်ချစ်က တောင်သူပညာပေး ကွင်းသရုပ်ပြပွဲ ကျင်းပပြုလုပ်ရခြင်း၏ရည်ရွယ်ချက်နှင့် အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ မင်းဘူးခရိုင်စိုက်ပျိုးရေးဦးစီးဌာန မြေအသုံးချရေးတာဝန်ခံ ဒေါ်ခင်ခင်ညိုက မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရမည့် နည်းလမ်းများနှင့် မြေယာပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကိုလည်းကောင်း၊ ခရိုင်မျိုးစေ့တာဝန်ခံ ဒေါ်စန်းလဲ့မော်သောင်းက မျိုးကောင်းမျိုးသန့် စိုက်ပျိုးခြင်းဖြင့် ရရှိမည့်အကျိုးကျေးဇူးများနှင့် မျိုးကောင်း မျိုးသန့်ထုတ်လုပ်ပုံနည်းစနစ်များကိုလည်းကောင်း၊ ပိုးမွှားရောဂါကာကွယ်ရေးတာဝန်ခံ ဒေါ်ခိုင်ခိုင်ဦးက သီးနှံစိုက်ခင်းများတွင် ရာသီအလိုက်ကျရောက်တတ်သော ပိုးမွှားရောဂါများအကြောင်းနှင့် ကြိုတင်ကာကွယ်ရေးနည်းလမ်းများကိုလည်းကောင်း အသီးသီးပညာပေးရှင်းလင်းဆွေးနွေးပြောကြားပြီး တက်ရောက်လာသည့် ဒေသခံတောင်သူများ၏ မေးမြန်းဆွေးနွေးမှုများကို ပြန်လည်ရှင်းလင်းဖြေကြားပေးသည်။
ထို့နောက် မကွေးတိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးငွေဆန်းနှင့် တာဝန်ရှိသူများက ပွင့်ဖြူ(မျိုးသန့်ခြံ)၌ စိုက်ပျိုးထားရှိသော နွေနှမ်းဘောင်ကြီးတင် စိုက်ပျိုးနည်းစနစ်ဖြင့် မျိုးစေ့ထုတ်စိုက်ခင်းအား တောင်သူပညာပေးကွင်းသရုပ်ပြသရာတက်ရောက်လာသည့် ဌာနဆိုင်ရာများနှင့် ဒေသခံတောင်သူများက ကြည့်ရှုလေ့လာခဲ့ကြပြီး စိုက်ပျိုးရေးဦးစီးဌာနမှဝန်ထမ်းများက နှမ်းအထွက်တိုး စိုက်ပျိုးရေးဆိုင်ရာအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )