ကော့သောင်းမြို့၌ “အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ မိသားစုဝင်ငွေတိုးရေးစီမံကိန်း”ဖြင့်  အခြေခံသံဂဟေဆက်သင်တန်း ဖွင့်လှစ်

ကော့သောင်း   မေ ၃၀

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကော့သောင်းခရိုင်၊ အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနမှ ကျင်းပသော “အသေးစား၊အငယ်စားစီးပွားရေးလုပ်ငန်းများ ပေါ်ထွန်းလာစေရေးဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်း”ဖြစ်သည့် အခြေခံသံဂ ဟေဆက် သင်တန်းဖွင့်ပွဲကို ကော့သောင်းမြို့နယ်၊ ရွှေပြည်သာရပ်ကွက်၊ဓမ္မာရုံတွင် ယမန်နေ့နံနက် (၁၀)ခွဲခန့်က ကျင်းပခဲ့ရာ အဆိုပါအခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ခရိုင်၊မြို့နယ်အဆင့် ဌာနဆိုင်ရာမှတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ် ရေးမှူးဦးရဲမြတ်တင့်က “အသေးစားကုန်ထုတ်လုပ်ငန်းများ ပေါ်ထွန်းလာစေရေးကို ဆောင်ရွက်ပေးခြင်းအားဖြင့် တစ်နိုင်တစ်ပိုင်ကိုယ်ပိုင်လုပ်ငန်းများထူထောင်လုပ်ကိုင်လာ နိုင်ခြင်း၊ ကုန်ထုတ်လုပ်ငန်းများပေါ်ထွန်းလာစေခြင်းနှင့် ကျွမ်းကျင်လုပ်သားများပေါ်ပေါက် လာစေခြင်းတို့ကြောင့် မိသားစုဝင်ငွေများတိုးပွားလာစေပြီး နိုင်ငံတော်မှ ချမှတ်ဆောင် ရွက်လျက်ရှိသည့် စီးပွားရေး ဦးတည်ချက်ကို အောင်မြင်စေရေးအတွက် တစ်ဖက်တစ်လမ်းမှအထောက်အကူ ဖြစ်စေမည်ဖြစ်ကြောင်း၊ မိသားစုဝင်ငွေတိုးပွားလာခြင်းကြောင့် လူနေမှုစီးပွားဘဝမြင့်မားလာပြီး လူငယ်များ၏ ပညာရေး၊ ကျန်းမာရေးတို့အား ထောက်ပံ့ပေးနိုင်ခြင်း၊ ပြုစုပျိုးထောင် ခြင်းများ ဆောင်ရွက်နိုင်မည်ဖြစ်၍ အနာဂတ်နိုင်ငံတော်၏ ကောင်းမွန်သောမျိုး ဆက်သစ်များမွေး ထုတ်ပေးနိုင် မည်ဖြစ်ပါကြောင်းနှင့် သင်တန်းသားများအနေဖြင့် သင်တန်းမှာ သင်ကြားပေးမည့် ဘာသာရပ်များကို စိတ်ဝင်တစားသင်ကြားပြီး ကိုယ်ပိုင်လုပ်ငန်းထူထောင် နိုင်ရန် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားရန်”မှာကြားခဲ့သည်။

ယင်းနောက်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးစိုးထက်အောင်က စီမံကိန်းလုပ်ငန်းအကောင်အထည်ဖော်ရေး ကော်မတီအဖွဲ့ခေါင်းဆောင်ထံ စီမံကိန်းပေး အပ်ခဲ့သည်။ ထို့နောက် တက်ရောက်လာကြသောတာဝန်ရှိသူများနှင့် ကော်မတီအဖွဲ့ဝင်များ၊ နည်းပြများနှင့် သင်တန်းသားများစုပေါင်း၍ မှတ်တမ်းဓာတ်ပုံရိုက်ကူးခဲ့ကြပြီး အခမ်းအနား ရုပ်သိမ်းခဲ့ကြသည်။ အဆိုပါ အခြေခံ သံဂဟေဆက်သင်တန်းတွင် သင်တန်းသား(၁၀)ဦးအား နည်းပြများဖြင့် သင်တန်းကာလ (၄၅)ကြာ ဖွင့်လှစ်သင်ကြားပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)