ပန်းတောင်းမြို့နယ်၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနား ကျင်းပပြုလုပ်

ပန်းတောင်း မေ ၃၀

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် "ကျောင်းအပ်နှံရေးနေ့" အခမ်းအနားကို ယနေ့နံနက်ပိုင်းက အ.ထ.က ပန်းတောင်း သီရိရတနာခန်းမ၌ စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများ၊ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

အဆိုပါအခမ်းအနားတွင် အခြေခံပညာအထက်တန်းကျောင်းသား/ကျောင်းသူများက "မြန်မာ့ ကျောင်း" သီချင်းဖြင့်သီဆိုဖျော်ဖြေကာ အခမ်းအနားကိုဖွင့်လှစ်ခဲ့ပြီး ပန်းတောင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှဦးစီးအရာရှိ ဦးအောင်သက်တင်က နိုင်ငံတော်မှအခမဲ့ပညာရေးစနစ်ဖြင့် ထောက်ပံ့ပေးအပ်သည့် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များ၊ ဗလာစာအုပ်များ၊ ကျောင်း၀တ်စုံများ၊ ကျောင်းသုံးစာရေးကိရိယာများနှင့် FIFA မှ‌ ပေးအပ်‌သော ဘောလုံးများပေးအပ်ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ ကျောင်းသား/ကျောင်းသူများအတွက် နိုင်ငံတော်မှ အခမဲ့ထောက်ပံ့ပေးသော ကျောင်းသုံးပြဋ္ဌာန်းစာအုပ်၊ ဗလာစာအုပ်များ၊ ကျောင်းဝတ်စုံများနှင့် FIFA မှ‌ ပေးအပ်‌သော ဘောလုံးများကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များနှင့်တာဝန်ရှိသူများက အသီးသီး ပေးအပ်ချီးမြှင့်ရာ အခြေခံပညာကျောင်းသား/ကျောင်းသူများနှင့် မိဘများကိုယ်စား သက်ဆိုင်ရာ ကျောင်းအုပ် ဆရာ၊ ဆရာမကြီးများမှလက်ခံရယူခဲ့သည်။ထို့နောက် ကျောင်းသား /ကျောင်းသူများက "ဇာတိမာန်" သီချင်းဖြင့် သီဆိုကာ ဂုဏ်ပြုဖျော်ဖြေခဲ့ကြပြီး၊ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

လပြည့်လင်း(ပြန်/ဆက်)