မုံရွာ မေ ၃၀
နိုင်ငံတော်အစိုးရနှင့်ပြည်သူအကြား ဆွေးနွေးပြောကြားနိုင်သည့် အခွင့်အလမ်းများဖော်ဆောင်ပေးရန်၊ ရပ်ကွက်များနှင့်ကျေးရွာများရှိအကြောင်းအရာများကို အများပြည်သူကြားတွင် ဆွေးနွေးမှုများရှိလာစေရန်နှင့် ပြည်သူလူထုမှပါဝင်ဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများဖြစ်ပေါ်လာစေရန်ရည်ရွယ်၍ "ဒေသဖွံ့ဖြိုးရေး ဝိုင်းဝန်းကူညီဆောင်ရွက်ပေး" ပြည်သူ့စကားဝိုင်းကို ယနေ့နံနက် ၉ နာရီက မုံရွာမြို့နယ်၊ ထန်းထောရပ်ကွက် ရွှေကြာဓမ္မဗိမာန်၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတင့်လှိုင်မြင့်က အဖွင့်အမှာစကားပြောကြားပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး၊ ဦးဆန်းဝင်းက ပြည်သူ့စကားဝိုင်းကျင်းပပေးရသည့်ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားသည်။
ဆက်လက်ပြီး စစ်ကိုင်းမြို့နယ် မဲဆန္ဒနယ်အမှတ်-၁ လွှတ်တော်ကိုယ်စားလှယ် ဦးမင်းမင်းဇေယျာမြင့် စကားဝိုင်း၏ စေ့စပ်ညှိနှိုင်းရေးမှူးအဖြစ် ဦးဆောင်ဆွေးနွေး၍လည်းကောင်း၊ ပါဝင်ဆွေးနွေးကြသည့် မုံရွာမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနိုင်ဝင်း၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နီနီမြင့်၊ မုံရွာမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးထွန်းထွန်းနှင့် မုံရွာခရိုင်မီးသတ်ဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးညီညီဇော်တို့က ဒေသဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းများဆောင်ရွက်မှုများကိုလည်းကောင်း အသီးသီးရှင်းလင်းဆွေးနွေးခဲ့ပြီး ဒေသခံပြည်သူများ၏သိရှိလိုသည့် မေးမြန်းဆွေးနွေးခြင်းများကို တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့သည်။
အဆိုပါ ပြည်သူ့စကားဝိုင်းဆွေးနွေးပွဲသို့ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ မုံရွာခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များ၊ စစ်ကိုင်းမြို့နယ်မဲဆန္ဒနယ်အမှတ်-၁ လွှတ်တော်ကိုယ်စားလှယ်နှင့်အဖွဲ့များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံပြည်သူများ စုစုပေါင်း(၂၅၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)