ပုလောမြို့နယ်၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးနေ့အခမ်းအနားနှင့် လူရည်ချွန်မောင်မယ်များ ကြိုဆိုဂုဏ်ပြုချီးမြှင့်ပွဲကျင်းပ

ပုလော   မေလ   ၃၀

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင် ၊ ပုလောမြို့နယ်၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ၊ ပုလော မြို့နယ်လုံး ဆိုင်ရာ ကျောင်းအပ်နှံရေးနေ့ အခမ်းအနားနှင့် လူရည်ချွန်မောင်မယ်များ ကြိုဆိုဂုဏ်ပြု ချီးမြှင့်ပွဲကို  မေလ ၂၈ ရက်နေ့ နံနက်ပိုင်းက  ပုလောမြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း နဝရတ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အထက(၁) Grade-10 မှ ကျောင်းသား/သူများက ကျောင်းနေရွယ် ကလေးအားလုံး စဉ်ဆက်မပြတ်ပညာသင်ယူဖို့ ကျောင်းအပ်နှံကြစို့ သီချင်းဖြင့် အခမ်းအနားကို ဖွင့်လှစ်ခဲ့ကြသည်။

အခမ်းအနားတွင်  ပုလောမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဇော်မင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ မြို့နယ်ပညာရေးမှူး ဒေါ်စန်းစန်းဌေးက  ကျောင်းနေအရွယ် ကလေးလူငယ်တိုင်းအခြေခံပညာသင်ယူ ခွင့်ရရှိရန်၊ ကျောင်းအပ်နှံရေးအခွင့်အလမ်းရရှိပြီး၊ ကျောင်းတက် ကျောင်းနေနှုန်း မြင့်မားလာစေရန် နှင့်အခမဲ့ပညာရေးစနစ် ကျယ်ကျယ်ပြန့်ပြန့် အကောင်အထည် ဖော်ရန် ရည်ရွယ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများက ၂၀၂၆-၂၀၂၇ ပညာ သင်နှစ် Kg မှ Grade-12 ထိ ကျောင်းသား၊ ကျောင်းသူများအား ဗလာစာအုပ်၊ စာရေးကိရိယာနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ချီးမြှင့် ခဲ့ကြောင်းနှင့် သုံးထပ်ကွမ်း လူရည်ချွန် မထက်ဆုဝန်းက လေ့လာရေးခရီး အတွေ့အကြုံများနှင့် ကျေးဇူးတင်စကားပြောကြာခဲ့သည်။

ပုလောမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် အထက(၂) ပုလောမှ မထက်ဆုဝန်းက (၃)ထပ်ကွမ်း လူရည်ချွန်၊ အထက(၂) ပုလောမှ မသက်မွန်ကျော်က (၂)ထပ်ကွမ်း လူရည်ချွန်း၊ အထက(၁) ပုလောမှ မထက်ထက်နန္ဒာဇော်က (၁)ထပ်ကွမ်းအဖြစ် လူရည်ချွန် (၃) ဦးပေါ်ထွန်းခဲ့ပြီး၊ လူရည်ချွန်များကို  မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ပညာရေးမိသားစုများက ဂုဏ်ပြုပန်းစည်းများ၊ ဂုဏ်ပြုငွေများ၊ အိုးစည် ဒို့ပတ်များဖြင့် စည်ကား သိုက်မြိုက်စွာ ဂုဏ်ပြု ကြိုဆိုခဲ့ကြကြောင်း သိရသည်။

ပုလော( ပြန်ဆက်)