ထားဝယ် မေ ၂၉
၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ တနင်္သာရီတိုင်းဒေသကြီးအဆင့်ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ကျင်းပရာ ဦးစွာကျောင်းသား၊ ကျောင်းသူများက “ကျောင်းအပ်နှံကြပါစို့သီချင်း” နှင့် ဆရာ၊ ဆရာမများက “ကမ်းလင့်ကာ ကြိုဆိုလျက်ပါသီချင်း” ဖြင့် သီဆိုကပြဖျော်ဖြေသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဇော်နိုင်ဦးက ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းနေရေးနှင့် မူလတန်းအဆင့်ကျောင်းနေနှုန်းတိုးတက်မြင့်မားရေးအတွက် ၁၉၉၉-၂၀၀၀ ပညာသင်နှစ်မှစတင်ကာ နှစ်စဉ် မေလနောက်ဆုံးရက်သတ္တပတ်ကို ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် သတ်မှတ်ပြီးနိုင်ငံအဝှမ်း ကျောင်းအပ်နှံရေး အခမ်းအနားကိုကျင်းပလာခဲ့သည်မှာ ယခုနှစ် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် (၂၈) နှစ်တိုင်ရှိပြီးဖြစ်ကြောင်း၊ နိုင်ငံတော်အနေဖြင့် ၂၀၁၂-၂၀၁၃ ပညာသင်နှစ်မှစ၍ “မ”သုံးလုံးပညာရေးစနစ်ခေါ်သည့် မသင်မနေရ မူလတန်းပညာရေး စနစ်ကိုအစပျိုးခဲ့ပြီး၂၀၁၄-၂၀၁၅ ပညာသင်နှစ်တွင် အလယ်တန်းအဆင့်၊ ၂၀၁၅-၂၀၁၆ပညာသင်နှစ်တွင် အထက်တန်း အဆင့် ကျောင်းသား၊ ကျောင်းသူကိုပါ ကျောင်းသုံးပြဌာန်း စာအုပ်များ၊ ဗလာစာအုပ်၊ ခဲတံ၊ ဘောပင်နှင့် ကျောင်းဝတ်စုံများကို အခမဲ့ထောက်ပံ့ပေးနေပြီး အမှန်တကယ်ကျောင်းနေရန် အခက်အခဲရှိသော ချို့တဲ့နွမ်းပါးသူများကို ပညာသင်ထောက်ပံ့ကြေးပံ့ပိုးပေးလျက်ရှိကြောင်း၊ ကျောင်းနေအရွယ်ကလေးတိုင်း (KG+9)(အခြေခံပညာအလယ်တန်းအဆင့်) ပြီးဆုံးသည်အထိ ပညာသင်ကြားနိုင်ရေးရည်မှန်းချက်ထား ကြိုးပမ်းဆောင်ရွက်နေပြီး (KG+9) အဆင့် ပြီးဆုံးသည့်အခါ အသက်မွေးဝမ်းကျောင်းပညာသင်ကြားပေးသည့် ကျောင်းများကို ဆက်လက်တက်ရောက်နိုင်အောင်စီမံ ဆောင်ရွက်လျက်ရှိကြောင်း၊ တနင်္သာရီတိုင်းဒေသကြီး၏ခရိုင် (၄) ခရိုင်တွင် အခြေခံပညာနှင့်စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း (၄) ကျောင်း ကိုဖွင့်လှစ်ပြီး သင်ကြားပို့ချပေးလျက်ရှိကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် ကျောင်းနေအရွယ် ကလေးတိုင်းကိုစာတတ်ရုံမျှသာမက မိမိနိုင်ငံနှင့်လူမျိုးကို ချစ်မြတ်နိုးသည့်စိတ်၊ မိမိနိုင်ငံ၏ယဉ်ကျေးမှုကို တန်ဖိုးထားထိန်းသိမ်းစိတ်များ ဖြစ်ထွန်းရေးအတွက် လေ့ကျင့်ပျိုးထောင်ပေးလျက်ရှိကြောင်း၊ လေ့ကျင့်ပျိုးထောင်ရာတွင် အခြေခံပညာသည် အခြေခံဖြစ်သည်နှင့်အညီ “ဗလငါးတန်” ဖြင့် ပြည့်စုံသောနိုင်ငံ့သားကောင်းရတနာများဖြစ်လာစေရန် အခြေခံပညာမူလတန်းအဆင့်၊ အလယ်တန်းအဆင့်၊ အထက်တန်းအဆင့်တို့တွင် အဆင့်အလိုက် ကျောင်းသား၊ ကျောင်းသူများ၏ “စိတ်အားထက်သန်မှုအလျောက် တစ်ဦးချင်းစီ၏ ခံယူနိုင်မှု၊ စွမ်းဆောင်မှုအလိုက် ကြိုးစားအားထုတ်သင်ယူနိုင်ရန်အတွက် အလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့၏ရင်သွေးငယ်များ၊ မိမိပတ်ဝန်းကျင်ရှိ ကလေးများ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးတွင် အဓိကကျသည့်အတွက်” နိုင်ငံတော်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ဖွံ့ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံကြပါစို့” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ အချိန်မီကျောင်းအပ်နှံကြရန် တာဝန်ရှိသူများအားလုံး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်လူမှုရေးရာဝန်ကြီး ဦးသက်နိုင်က ကျောင်းအပ်နှံရေးနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်က ပညာရေးဝန်ကြီးဌာနကထောက်ပံ့သည့် အထက်တန်းအဆင့်အတွက် ကျောင်းသုံးပုံနှိပ်စာအုပ်များပေးအပ်ပြီး တိုင်းဒေသကြီးတရားလွှတ်တော်တရား သူကြီးချုပ်က အလယ်တန်းအဆင့် ဗလာစာအုပ်များပေးအပ်ကာ တိုင်းဒေသကြီးအစိုးရအဖွဲ့လူမှုရေးရာဝန်ကြီးက မူလတန်းအဆင့် ကျောင်းဝတ်စုံများပေးအပ်သည်။
ထို့နောက် ဆရာ၊ဆရာမများက ကျောင်းအပ်ကြမယ် သီချင်းဖြင့် သီဆိုဖျော်ဖြေပြီး ကျောင်းဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများဆောင်ရွက်ရန်အတွက် အလှူရှင်များက အလှူငွေများပေးအပ်လှူဒါန်းရာ တိုင်းဒေသကြီး ပညာရေးညွှန်ကြားရေးမှူး ဦးဝင်းနောင်က လက်ခံရယူသည်။
ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူများက ပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သောနိုင်ငံတော်ကြီး တည်ဆောက်အံ့သီချင်းဖြင့်လည်းကောင်း သီဆိုဂုဏ်ပြုခဲ့ကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး (ပြန်/ဆက်)