လူငယ်ကင်းထောက်လေ့လာရေးအဖွဲ့ ရွှေဘုံသာမုနိစေတီတော်မြတ်ကြီးသို့ လာရောက်လေ့လာဖူးမြော်

ပန်းတောင်း မေ ၂၇

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ပဲခူးတိုင်း (အရှေ့ပိုင်း) မှ ကျောင်းသား၊ ကျောင်းသူ (၅၈) ဦးပါဝင်သည့် လူငယ်ကင်းထောက်လေ့လာရေးအဖွဲ့သည် အုပ်ချုပ်ကြီးကြပ်သူ ဆရာ၊ ဆရာမ (၆) ဦးလိုက်ပါ၍ ယမန်နေ့နံနက်ပိုင်းက ပန်းတောင်းမြို့နယ် ရွှေဘုံသာမုနိစေတီတော်မြတ်ကြီးသို့လာရောက် လေ့လာဖူးမြော်ခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်သူရ၊ မြို့နယ်ရဲမှူး အေးမင်းသိန်း၊ မြို့နယ်ပညာရေးမှူး ဦးတင်နိုင်ဦး၊ မြို့မစခန်းမှူး ဒုတိယရဲမှူး မျိုးမင်း၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်မြတ်စန္ဒာနာ၊ ဌာနဆိုင်ရာများ၊ ရွှေဘုံသာမုနိဂေါပကဥက္ကဋ္ဌ ဦးတင်လှိုင်နှင့် ဂေါပကအဖွဲ့ဝင်များမှ လှိုက်လှဲစွာကြိုဆိုခဲ့ကြသည်။

အဆိုပါ လူငယ်ကင်းထောက်လေ့လာရေးအဖွဲ့အား မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌမှ ကြိုဆိုနှုတ်ဆက်စကားပြောကြားခဲ့ပြီး ရွှေဘုံသာမုနိစေတီတော်မြတ်ကြီးဘုရားဂေါပကနာယက ဦးဝင်းကြူမှ ရွှေဘုံသာမုနိစေတော်မြတ်ကြီး၏ တည်နေရာအနေအထား၊ ဘွဲ့အမည်ဆက်ကပ်ခဲ့ပုံ၊ တည်ထားကိုးကွယ်မှုအဆင့်ဆင့် နောက်ခံသမိုင်းတို့ကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် လူငယ်ကင်းထောက်လေ့လာရေးအဖွဲ့သည် စေတီတော်မြတ်ကြီး၏ အရှေ့ဘက်တန်ဆောင်း၌တည်ထားသော မဟာမြတ်မုနိကိုယ်ပွားဆင်းတုတော်၊ တောင်ဘက်တန်ဆောင်း၌တည်ထားသော ရှင်ကျော်မုနိကိုယ်ပွားဆင်းတုတော်၊ အနောက်ဘက်တန်ဆောင်း၌တည်ထားသော ရွှေဘုံသာမုနိကိုယ်ပွားဆင်းတုတော်၊ မြောက်ဘက်တန်ဆောင်း၌တည်ထားသော မာရ်အောင်မုနိကိုယ်ပွားဆင်းတုတော်၊ တနင်္ဂနွေထောင့်ရှိ သိုက်နန်းရှင်မမြစိမ်း၏နတ်နန်းတို့အား လှည့်လည်လေ့လာကြည့်ရှုဖူးမြော်ခဲ့ကြောင်း သိရသည်။

လပြည့်လင်း (ပြန်/ဆက်)