ပန်းတောင်းမြို့နယ်၌ လေဘေးသင့်အိမ်ထောင်စုများအား ထောက်ပံ့ငွေများ ပေးအပ်

ပန်းတောင်း မေ ၂၉

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၌ လေပြင်းတိုက်ခတ်မှုကြောင့် ဘေးဒဏ်သင့်ခဲ့ရသော တုံကင်းကျေးရွာအုပ်စု၊ တုံကင်းကျေးရွာနှင့် ကြိုးကြာကျေးရွာအုပ်စု၊ ကြိုးကြာကျေးရွာရှိ အိမ်ထောင်စုများအား မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနမှ ယမန်နေ့ ညနေ (၆) နာရီက ထောက်ပံ့ငွေများသွားရောက် ထောက်ပံ့ပေးအပ်သည်။

ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် ပန်းတောင်းမြို့နယ်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်များ အမိုးလန်ပျက်စီးခြင်းနှင့် ပြိုလဲပျက်စီးခြင်း အခက်အခဲကြုံတွေ့ရသည့် မိသားစုများအားလုံး အဆင်ပြေစေရန်အတွက် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများက တုံကင်းကျေးရွာနှင့် ကြိုးကြာကျေးရွာရှိ လေဘေးသင့်အိမ်ထောင်စု (၈) စုမှ လူဦးရေ (၂၈) ဦးတို့အား ထောက်ပံ့ငွေ စုစုပေါင်း ကျပ် (၅၄၀,၀၀၀) ကို အိမ်ထောင်စုများထံသို့ သွားရောက်၍ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

လပြည့်လင်း(ပြန်/ဆက်)