တနင်္သာရီမြို့နယ်၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်မှစ၍ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပြင်ပရောက်ရှိနေသော အခြေခံပညာမူလတန်းနှင့် အလယ်တန်းအဆင့် ကျောင်းသား/ကျောင်းသူများ အတွက် Placement Test (အထူးအစီအစဉ်) ကျင်းပမည်

တနင်္သာရီ မေ ၂၉

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်ရှိ အခြေခံပညာကျောင်းများတွင်၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေးနှင့် Placement Test (အထူးအစီ အစဉ်) ကို သတ်မှတ်အစီအစဉ်အတိုင်း ကျင်းပဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အခြေခံပညာဦးစီးဌာန၏ ထုတ်ပြန်ချက်အရ Grade 2 မှ Grade 5 အထိနှင့် Grade 6 မှ Grade 9 အထိ ကျောင်းသား၊ ကျောင်းသူများအား Placement Test ဖြေဆိုစေမည်ဖြစ်ပြီး ဆန္ဒပြု အတန်းထက် တစ်ဆင့်နိမ့်အတန်းကို ဖြေဆိုပြီးအောင်မြင်ပါက ဆန္ဒပြုအတန်းသို့ တက်ရောက်နိုင်ပြီးကျရှုံးပါက ဖြေဆိုသည့်အတန်းကို တက်ရောက်ရမည်ဖြစ်သည်။

Placement Test ‌ဖြေဆိုမည့် လျှောက်လွှာများကို ၂၂-၅-၂၀၂၆ ရက်‌နေ့မှစ၍ မြို့နယ်ပညာရေးမှူးရုံးတွင် ပိတ်ရက်မရှိဆောင်ရွက်ပေးနေပြီး စာမေးပွဲမဖြေခင်အချိန်အထိ လျှောက်လွှာများလက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။ Placement Test ဖြေဆိုမှုအား ၁၅-၆-၂၀၂၆ ရက်နေ့မှ ၂၀-၆-၂၀၂၆ ရက်နေ့အထိ သက်ဆိုင်ရာ စာစစ်ဌာနများတွင် ကျင်းပ သွားမည်ဖြစ်သည်။ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် စည်းကမ်းတကျ လာရောက်ဖြေဆိုကြရန် အသိပေးထားသည်။ ထို့ပြင် ကျောင်းအပ်နှံရာတွင် ဆန္ဒပြုလျှောက်လွှာနှင့် အသက်ထောက်ခံချက်ပါ စာရွက်စာတမ်းများကို ပြည့်စုံစွာ တင်ပြရမည်ဖြစ်ကြောင်း သိရသည်။

တနင်္သာရီမြို့နယ်တွင် လျှောက်လွှာလက်ခံသည့်နေ့မှ ယနေ့အထိ Placement Test ဖြေဆိုမည့် ဦးရေ (၅၆၄) ဦး ထိရှိလာကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။  တာဝန်ရှိသူများက “ကျောင်းသား၊ ကျောင်းသူများ၏ ပညာရေးအဆင့်နှင့် ကိုက်ညီသည့် အတန်းများတွင် သင်ကြားနိုင်စေရန် Placement Test ကျင်းပခြင်းဖြစ်သည်” ဟု သိရသည်။

အဆိုပါ Placement Test နှင့် ကျောင်းအပ်နှံရေးဆိုင်ရာ အသေးစိတ်အချက်အလက်များကို သက်ဆိုင်ရာကျောင်းများတွင် ဆက်လက်စုံစမ်းနိုင်ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)