ဗန်းမောက် ဇန်နဝါရီ ၁၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်အတွင်း ကုန်ထုတ်လမ်းနှင့် ကျေးရွာ ချင်းဆက် လမ်းပိုင်းများ ပြုပြင် ဆောင်ရွက် နိုင်ရန် စုံတော်ကျေးရွာအုပ်စုနှင့် ပင့်စင်တဲကျေးရွာ အုပ်စုတို့တွင် လမ်းအူကြောင်းရှာဖွေခြင်းလုပ်ငန်းအား ယမန်နေ့ မွန်းလွဲပိုင်းက ကွင်းဆင်း စစ်ဆေး ခဲ့ကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာန ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်မည့် စုံးတော်-ဆည်ဦး-သရက်ကိုင်းလမ်း (၅)မိုင်နှင့် ပင့်စင်တဲ-ပိန္နဲပင်-ဆည်ကြီးလမ်း (၃ ဒဿမ ၁)မိုင် လမ်းဖောက်လုပ်နိုင်ရန်အတွက် လမ်းအူကြောင်း ရှာဖွေခြင်းနှင့် ဗန်းမောက်-ဝန်းသိုမြို့နယ်ချင်းဆက်လမ်းပေါ်သို့ ဆက်သွယ်သွားလာနိုင်ရေးကို မြို့နယ်အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းရွှေ၊ မြို့နယ်ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အိသဉ္ဇာကျော်၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးမျိုးမြင့်နိုင်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးမျာ၊ ရပ်မိ၊ ရပ်ဖများနှင့်အတူ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။
မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်မည့် ကုန်ထုတ်လမ်းနှင့် ကျေးရွာချင်းဆက်လမ်း ဆောင်ရွက်ပြီးစီးသွားပါက ကျေးရွာပေါင်း(၅၂)ရွာ၊ အိမ်ခြေပေါင်း (၃၄၇၀) အိမ်၊ လူဦးရေ (၁၉၁၂၀) ဦးတို့အတွက် နွေ၊ မိုး၊ ဆောင်းရာသီမရွေး ဖြတ်သန်းသွား လာနိုင်မည့်အပြင် ဗန်းမောက်မြို့နယ်အတွင်းရှိ ကျေးရွာများမှ ဒေသခံပြည်သူများအတွက် လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး ကုန်စည်စီးဆင်းမှု အဆင်ပြေချောမွေ့စေမည့်အပြင် မြို့နယ်ချင်းဆက်စပ် လျက်ရှိသည့် ဝန်းသိုမြို့နယ်သို့ အချိန်တိုအတွင်း ကုန်စည်စီးဆင်း ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း မြို့နယ်အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းရွှေ၏ ပြောကြားချက်အရ သိရသည်။
ကျော်စွာ(ဗန်းမောက်)