ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကော်မတီဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုး တီးတိန်မြို့ အလှူငွေ၊ ဆောက်လုပ်ရေးနှင့် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်

ဟားခါး မေ ၂၉

ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကော်မတီဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ သန်းစိုး၊ ဒုတိယဥက္ကဋ္ဌ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ခင်မောင်ထွေး၊ ချင်းပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးကျော်ဇောလင်းနှင့် ပြည်ထောင်စုဝန်ကြီးဌာနများမှ ကော်မတီဝင် ဒုတိယညွှန်ကြားရေးမှူးချုပ်များသည် ဖလမ်းမြို့မှ တပ်မတော်ရဟတ်ယာဉ်ဖြင့် တီးတိန်မြို့သို့ ယမန်နေ့ နံနက် ၁၀ နာရီခွဲတွင် ရောက်ရှိလာကြသည်။

ထို့နောက် တီးတိန်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင်၊ တီးတိန်မြို့ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးအတွက် အလှူငွေ၊ ဆောက်လုပ်ရေးနှင့် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲကျင်းပရာ ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုးနှင့် ပြည်နယ်ဝန်ကြီး ဗိုလ်မှူးကြီး ခင်မောင်ထွေးတို့က ချင်းသောင်းကျန်းသူများ၏ တိုက်ခိုက်မှုကြောင့် ဖြစ်ပေါ်လာသည့် ပျက်စီးဆုံးရှုံးမှုများကို ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်နိုင်ရေးအတွက် ယခုကဲ့သို့ လာရောက်ခြင်းဖြစ်ကြောင်း၊ တရားဥပဒေစိုးမိုးမှုရှိမှသာ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ တရားဥပဒေစိုးမိုးမှုအားနည်းလာပါက ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အားနည်းလာမည်ဖြစ်ပြီး နောက်ဆက်တွဲအဖြစ် မလိုလားအပ်သော ထိခိုက်နစ်နာဆုံးရှုံးမှုများလည်း ဖြစ်ပေါ်လာနိုင်ပါကြောင်း၊ သို့ဖြစ်၍ တရားဥပဒေစိုးမိုးမှုရှိရေးနှင့် ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးအတွက် အားလုံးဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် လိုကြောင်းဖြင့် အမှာစကားပြောကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုးနှင့် ပြည်နယ်ဝန်ကြီး ဗိုလ်မှူးကြီး ခင်မောင်ထွေးတို့က တီးတိန်မြို့ ပြန်လည်တည်ဆောက်ရေးပစ္စည်းများဖြစ်သည့် သွပ်၊ သံ၊ ဘိလပ်မြေ နှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ အိမ်ထောင်စု (၈၅) စုစာ ကယ်ဆယ်ရေးပစ္စည်းများ ၊ (၂) ပတ်စာ ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ငါးပိအတွက် ထောက်ပံ့ငွေကျပ် ၂၁,၄၉၀,၅၆၀/− ပေးအပ်ရာ ဒေသခံပြည်သူများကိုယ်စား မြို့မိမြို့ဖများနှင့် တာဝန်ရှိသူများက လက်ခံရယူကြသည်။

ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် တီးတိန်မြို့ပေါ်ရှိ ချင်းသောင်းကျန်းသူများ၏ တိုက်ခိုက်မှုကြောင့် အစိုးရပိုင်အဆောက်အဦများနှင့် ဒေသခံပြည်သူများ၏ နေအိမ်များ ပျက်စီးဆုံးရှုံးမှုအခြေအနေ၊ အစိုးရ၊ တပ်မတော်နှင့် ဒေသခံပြည်သူများ ပူးပေါင်း၍ ပြန်လည်ထူထောင်ရေးလုပ်ငန်းဆောင်ရွက်ထားရှိမှုအခြေအနေနှင့် တီးတိန်မြို့ ကုတင် (၁၀၀) ဆေးရုံးကြီးတွင် အတွင်းလူနာများအဖြစ် တက်ရောက်ကုသလျက်ရှိသော လူနာများအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရှိရပါသည်။

ခရိုင် (ပြန်/ဆက်)