စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန စားသုံးသူရေးရာကော်မတီအစည်းအဝေး (၂/၂၀၂၆) ကျင်းပ

မုံရွာ မေ ၂၉

စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာကော်မတီအစည်းအဝေး (၂/၂၀၂၆) ကို ယမန်နေ့ နံနက် (၉) နာရီခွဲကစားသုံးသူရေးရာဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ရာ စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာကော်မတီဥက္ကဋ္ဌ၊ စီမံကိန်း၊ စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီး၊ တိုင်းဒေသကြီး စားသုံးသူရေးရာကော်မတီအတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ တက်ရောက်ကြသည်။

ဦးစွာ စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာကော်မတီဥက္ကဋ္ဌ၊ စီမံကိန်း၊ စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးအောင်ဇော်ဦးက ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အနေနဲ့ လစဉ်လျာထားချက်များ ပြည့်မီကျော်လွန်အောင် ဆောင်ရွက်နိုင်ခဲ့တာကို သိရှိရပါကြောင်း။ ယခု ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်မှာလည်း စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို လျာထားချက် ပြည့်မီကျော်လွန်အောင် ဆောင်ရွက်ဖို့လိုပါကြောင်း။ စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာကော်မတီအဖွဲ့ဝင်များအနေဖြင့် စားသုံးသူပြည်သူများက စားသုံးသူအခွင့်အရေး (၈) ချက်ပါ မူလရပိုင်ခွင့်များ အပြည့်အဝရရှိနိုင်ရေးအတွက် စားသုံးသူပညာပေးခြင်းလုပ်ငန်းများနဲ့ စားသုံးသူနစ်နာမှုများရှိပါက တိုင်ကြားတတ်စေဖို့၊ တိုင်ကြားလာတဲ့အခါ စေ့စပ်ညှိနှိုင်းဖြေရှင်းပေးနိုင်ဖို့ လိုအပ်လာရင်စီးပွားရေးလုပ်ငန်းရှင်ကို စီမံခန့်ခွဲရေးနည်းလမ်းနဲ့ အရေးယူ၍ စားသုံးသူနစ်နာမှုကို ကုစားပေးဖို့လိုကြောင်း။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာ စားသုံးသူကာကွယ်ရေးလုပ်ငန်းတွေကို အခြေခိုင်မာစွာနဲ့ ထိရောက်အောင်ရလဒ်ကောင်းတွေရအောင် ဘယ်လိုဆောင်ရွက်ကြမလဲ ဆိုတာကိုအနှစ်သာရရှိရှိ ဖော်ထုတ်ပြီးတော့ ဆွေးနွေးပေးကြဖို့နဲ့ ကော်မတီအဖွဲ့ဝင်များအနေနဲ့ စားသုံးသူကာကွယ်ရေးလုပ်ငန်းတွေကို စိတ်ပါလက်ပါနဲ့ အချိန်ပေးပြီး မိမိတို့ရဲ့လုပ်ငန်းတာဝန်များကို ထမ်းဆောင်ပေးကြဖို့ တိုက်တွန်းပြောကြားသည်။

ဆက်လက်ပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာကော်မတီအတွင်းရေးမှူး ဦးမင်းမင်းက ယခင်အစည်းအဝေး (၁/၂၀၂၆) အစည်းအဝေးဆုံးဖြတ်ချက်အပေါ် ဆောင်ရွက်ပြီးစီးမှုများနှင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်၊ ဧပြီလမှမေလအတွင်း စားသုံးသူကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်မှုများအား ရှင်းလင်းတင်ပြသည်။

ထို့နောက် စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း သိကောင်းစရာအကျဉ်းချုပ်ကို စားသုံးသူရေးရာဦးစီးဌာန စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးထက်ဝင်းအောင်ကလည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာကော်မတီသို့ တင်ပြသည့် အမှာစာများအား လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဇင်မာဦးတို့က ဖတ်ကြားရှင်းလင်းတင်ပြပြီးနောက် စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာကော်မတီအဖွဲ့ဝင်များက ဖြည့်စွက်ဆွေးနွေးခဲ့မှုများအပေါ် လိုအပ်သည်များကို စီမံကိန်း၊ စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးအောင်ဇော်ဦးက ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကားပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)