ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

ပဲခူး မေ ၂၈

ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မေ (၂၆)ရက်နေ့ညနေပိုင်းက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ Video Conferencing ခန်းမ() ကျင်းပပြုလုပ်ရာ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ညီလန်းချို၊ ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့ဝင်များ တက်ရောက်ခဲ့သည်။

ဦးစွာ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ညီလန်းချိုက အမှာစကားပြောကြားရာတွင် တရားမဝင်ကုန်သွယ်ရေးနှင့် ပတ်သက်၍ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ ချမှတ်ပြဋ္ဌာန်းထားသည့် မဟာဗျူဟာ၊ နည်းဗျူဟာများသည် တရားမဝင်ကုန်သွယ်မှုများ လျော့နည်းပပျောက်စေရေးနှင့် တရားဝင်ကုန်သွယ်မှုလမ်းကြောင်းပေါ်သို့ရောက်ရှိစေရေး ချမှတ်ထားသည့်ဗျူဟာများဖြစ်သဖြင့် အလေးအနက်ထား အကောင်အထည်ဖော်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ အကောင်အထည်ဖော်သည့် မိမိတို့အထူးအဖွဲ့ အဖွဲ့ဝင်များအနေနဲ့ အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် သတ်မှတ်ဆောင်ရွက်သွားရန်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း ဖမ်းဆီးရမိသည့်လိုင်စင်ရှိ၊ လိုင်စင်မဲ့မော်တော်ယာဉ်၊ ဆိုင်ကယ်နှင့် စက်ပစ္စည်းများကို လုပ်ထုံးလုပ်နည်းအညီ အမြန်ဆုံးအပ်နှံဆောင်ရွက်နိုင်ရေး၊ ဖမ်းဆီးရမိပစ္စည်းများ ပျက်စီးဆုံးရှုံးမှုမရှိစေရေး အထူးဂရုပြုဆောင်ရွက်သွားရန်ဖြစ်ပါကြောင်း၊ စစ်ဆေးရေးအဖွဲ့များအနေဖြင့် တားဆီးစစ်ဆေးဖမ်းဆီးမှုများ ဆောင်ရွက်ရာတွင် အဂတိတရားကင်းရှင်းစွာဖြင့် စစ်ဆေးဖမ်းဆီး အရေးယူဆောင်ရွက်သွားရန်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၊ အဖွဲ့ဝင်များမှ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ဆွေးနွေးခဲ့ကြပြီး ဆွေးနွေးချက်များနှင့်စပ်လျဉ်း၍ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ညီလန်းချိုက နိဂုံးချုပ်စကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

သက်ဖြိုးကြိုင်(ပြန်/ဆက်)