နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)စီမံချက်ဖြင့် ပဲခူးမြို့၌ သဘာဝတိုင်းရင်းငါး ဆေးထိုးသားဖောက်ပြုစုမွေးမြူခြင်းသင်တန်း ဖွင့်လှစ်

ပဲခူး မေ ၂၈

ပဲခူးမြို့၊ တိုင်းဒေသကြီး ငါးလုပ်ငန်းသင်တန်းကျောင်း၌ နိုင်ငံတော်အစိုးရ၏ ရက် ၁၀၀ စီမံချက်ဖြင့် သဘာဝတိုင်းရင်းငါး ဆေးထိုးသားဖောက် ပြုစုမွေးမြူခြင်းသင်တန်း ဖွင့်ပွဲအခမ်းအနားအား ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးတိုင်းဒေသကြီးသည် မြစ်ချောင်းအင်းအိုင်ပေါများပြားပြီး သဘာဝငါးမျိုးစုံထွက်ရှိရာ တိုင်းဒေသကြီးတစ်ခုဖြစ်ကာ သဘာဝငါးသယံဇာတများ စဉ်ဆက်မပြတ်မျိုးပွားစေရေးနှင့် ငါးစားသုံးမှု ဖူလုံပိုလျှံစေရေးအတွက် ယခုလိုသင်တန်းအား ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း၊ တက်ရောက်လာသည့် သင်တန်းသား၊ သင်တန်းသူများအနေဖြင့် ရေချိုသဘာဝငါးမျိုးစိတ်များအား ထိန်းသိမ်းကာ ကိုယ်တိုင်မျိုးပွားပြီး ကောင်းမွန်သော မွေးမြူရေးကျင့်စဉ်အတိုင်း ထုတ်လုပ်ရောင်းချနိုင်ပါက ပြည်တွင်းစားသုံးမှုအပြင် ပြည်ပပို့ကုန်အဆင့်ထိ ဆောင်ရွက်နိုင်မှာဖြစ်၍ သင်ကြားပေးမည့် သင်ခန်းစာအလိုက် ကြိုးစားလေ့လာ သင်ယူသွားကြစေလိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးမှူး ဒေါက်တာစုမျိုးသွယ်က သဘာဝတိုင်းရင်းငါး ဆေးထိုးသားဖောက်ပြုစုမွေးမြူခြင်းသင်တန်း ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့် သင်ကြားပေးသွားမည့် သင်ခန်းစာဆိုင်ရာ အချက်အလက်များအား ရှင်းလင်းပြောကြားခဲ့သည်။ ၎င်းနောက် တက်ရောက်လာသည့် သင်တန်းသား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်၍ သဘာဝငါးမျိုး ဆေးထိုးသားဖောက်ဆောင်ရွက်ထားရှိမှုတို့အား ကြည့်ရှုခဲ့ကြကြောင်း သတင်းရရှိသည်။

သက်ဖြိုးကြိုင် (ပြန်/ဆက်)