ရေနံချောင်း မေ ၂၈
မကွေးတိုင်ဒေသကြီး၊ ရေနံချောင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက ရက် (၁၀၀) စီမံချက်ဖြင့် မြို့နယ်အတွင်း သီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်စေရေးအတွက် စိုက်ပျိုးရေးဆိုင်ရာ တောင်သူနည်းပညာပေးခြင်းလုပ်ငန်းများကို ယမန်နေ့က ဘဲဆိပ်ကျေးရွာအုပ်စု ဘဲဆိပ်ကျေးရွာ၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးယဉ်မင်းစိုးက အဓိကသီးနှံများပန်းတိုင်အထွက်နှုန်းရရှိရေး မျိုး၊ မြေ၊ ရေဆိုင်ရာ နည်းပညာများ၊ စိုက်နည်းစနစ် မှန်ကန်ရေးနည်းလမ်းများ၊ သဘာဝမြေဩဇာကိုယ်တိုင်ပြုလုပ်နည်းများ၊ ဓာတ်မြေဩဇာ အချိုးကျသုံးစွဲနည်းများစသည့် သီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်စေရေး စိုက်ပျိုးရေးဆိုင်ရာ နည်းလမ်းကောင်းများကို အသိပညာပေးဟောပြောဆွေးနွေးရာ ဘဲဆိပ်ကျေးရွာအုပ်စုအတွင်းရှိ ဒေသခံတောင်သူ ၈၀ ဦး တက်ရောက်ခဲ့ပြီး သိရှိလိုသည်များကို ပြန်လည်မေးမြန်း ဆွေးနွေးကြသည်။
ထို့နောက် စိုက်ပျိုးရေးဦးစီးဌာနဝန်ထမ်းများက တက်ရောက်လာသည့် တောင်သူများအား စိုက်ပျိုးရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးပြီး သီးနှံသက်တမ်း အလိုက် ဆောင်ရွက်ရမည့်လုပ်ငန်းများ၊ သီးနှံအထွက်နှုန်းကိုမထိခိုက်စေဘဲ ဓာတ်မြေဩဇာ လျော့ချသုံးစွဲနည်းများနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေးဆိုင်ရာ နည်းလမ်းများပါဝင်သည့် မြေစိုက်ပိုစတာကို စိုက်ထူပေးခဲ့ကြောင်း သိရသည်။
အလားတူ တောင်သူအသိပညာပေးခြင်းလုပ်ငန်းများကို မေလ ဒုတိယပတ်က သုံးဆယ့်ခြောက် ကျေးရွာ တောင်သူဦးမောင်ဦး၏ ကွင်းအမှတ် ၃၂/ခ-၁ ကွင်း နွေစပါးစိုက်ခင်း အောင်မြင်ဖြစ်ထွန်းနေမှု ကွင်းသရုပ်ပြပွဲကိုလည်းကောင်း၊ မေလတတိယပတ်က ဖောင်းကတော ကျေးရွာဓမ္မာရုံ၌ အဓိကသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး တောင်သူအသိပညာပေးခြင်းများကိုလည်းကောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးနှင့် ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကိုစိုးကြီး