ကံမမြို့နယ် စစ္စရံကျေးရွာအုပ်စုမှ တောင်သူများအား မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေများ ထုတ်ချေးပေး

ကံမ မေ ၂၈

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် တောင်သူများ စိုက်ပျိုးထုတ်လုပ်မှု အဆင်ပြေချောမွေ့စေရန်အတွက် နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)စီမံချက်ဖြင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၆ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို မြို့နယ်အတွင်းရှိ ဘဏ်အဖွဲ့ဝင်တောင်သူများအား ထုတ်ချေးပေးလျက်ရှိရာ ယမန်နေ့နံနက် (၁၀)နာရီက စစ္စရံကျေးရွာအုပ်စုမှ တောင်သူ (၁၃၀)ဦးတို့၏ မိုးစပါးစိုက်ဧက (၅၇၉)ဧကအတွက် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ ကျပ်(၁၇၃၇)သိန်းအား ထုတ်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ထုတ်ပေးရာတွင် ကံမမြို့နယ်၌ ငွေကျပ်သိန်းပေါင်း (ငါးသောင်းငါးရာသိန်း)အား ထုတ်ချေးပေးရန်လျာထားပြီး မိုးစပါးစိုက်ပျိုးမြေ တစ်ဧကလျှင် ငွေကျပ် (သုံးသိန်း)ကျပ်နှုန်း မြေပဲ၊ နှမ်းအစရှိသည့် အခြားသီးနှံစိုက်ဧက တစ်ဧကလျှင် ငွေကျပ် (နှစ်သိန်းငါးသောင်း”နှုန်းဖြင့် ကျေးရွာအုပ်စုများမှ ဘဏ်အဖွဲ့ဝင်တောင်သူများကို ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ သိရသည်။

ကျော်ဇေယျဝင်း(ကံမ)