ပခုက္ကူ မေ ၂၈
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၌ လမင်းစီမံချက်ဖြင့် နေ့ချင်းပြီးဆောင်ရွက်သည့်နိုင်ငံသားစိစစ်ရေးကတ်များနှင့် UID ကတ်များပေးအပ်ပွဲကို ယမန်နေ့မွန်းလွဲ ၂ နာရီခွဲအချိန်က လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးတွင် ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှဝင်းဦးက အဖွင့်အမှာစကားပြောကြားပြီး လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးရဲအောင်က လုပ်ငန်းဆောင်ရွက် နေမှုများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှဝင်းဦး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင်မြင့်ဦး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခေတ္တခရိုင်ဦးစီးမှူး ဦးချစ်ကိုကိုနှင့် မြို့နယ်ဦးစီးမှူး ဦးရဲအောင်တို့က နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀) ကာလအတွင်း လမင်းစီမံချက်ဖြင့် နေ့ချင်းပြီးဆောင်ရွက်သည့် နိုင်ငံသားစိစစ်ရေးကတ်(၈၅)ကတ်နှင့် UID ကတ် (၁၀၅) ကတ်တို့အား ဒေသခံ ပြည်သူများ၏လက်ဝယ်အရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)