မအူပင်မြို့၌ မြို့နယ်စာရေးဆရာအသင်း မျက်နှာစုံညီအစည်းအဝေး ကျင်းပ

မအူပင် မေ ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ယမန်နေ့မွန်းလွဲ ၂ နာရီက မအူပင်မြို့နယ် စာရေးဆရာအသင်း၏ မျက်နှာစုံညီအစည်းအဝေး ကျင်းပပြုလုပ်သည်။

ဦးစွာ ယခင်ဖွဲ့စည်းထားသည့် စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးခင်ဇော်ဝင်း(ခက်ဇော်-ကဗျာ)မှ မျက်နှာစုံညီအစည်းအဝေးကျင်းပရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီး မအူပင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်သန္တာထွေးမှ အစည်းအဝေးကျင်းပရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ မြို့နယ်စာရေးဆရာအသင်း မျက်နှာစုံညီအစည်းအဝေးသို့ တင်သွင်းသည့် အစီရင်ခံစာအား ဦးရဲမင်းထွန်း (မောင်ရင်သွေး-မအူပင်) မှ ဖတ်ကြားပြီး တက်ရောက်လာသူများမှ အတည်ပြုခဲ့ကြသည်။

ယင်းနောက် စာရေးဆရာအသင်းဥက္ကဋ္ဌ ရွေးချယ်တင်မြှောက်ပွဲ‌ ကော်မရှင်အဖွဲ့အဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးအာကာဦးနှင့် ဦးအောင်မြင့်(မဟူရာရွှေခယ်မြေ)တို့မှ မြို့နယ်စာရေးဆရာအသင်း အမှုဆောင်ကော်မတီဝင် (၅)ဦးနှင့် စတုတ္ထအကြိမ်ညီလာခံသို့တက်ရောက်ရန် ညီလာခံကိုယ်စားလှယ် (၁)ဦး၊ အရန်ညီလာခံကိုယ်စားလှယ်(၁)ဦးတို့အား ရွေးချယ်တင်မြှောက်ခဲ့ပြီး စာရေးဆရာအသင်းဥက္ကဋ္ဌအသစ် ဦးခင်ဇော်ဝင်း (ခက်ဇော်-ကဗျာ)မှ နှုတ်ခွန်းဆက်စကားပြောကြားခဲ့သည်။

အဆိုပါ စာရေးဆရာအသင်း မျက်နှာစုံညီအစည်းအဝေးသို့ မအူပင်မြို့နယ်အတွင်းရှိ စာရေးဆရာများ တက်ရောက်ခဲ့ကြပြီး မအူပင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ ပြသထားသည့် နံရံကပ်စာစောင်များနှင့် စာအုပ်၊ စာစောင်များအား စိတ်ပါဝင်စားစွာကြည့်ရှုခဲ့ကြရာ ဝန်ထမ်းများမှရှင်းလင်းပြသခဲ့ကြကြောင်း သိရသည်။

အောင်မြင့်မြတ် (ပြန်/ဆက်)