တမူး မေ ၂၈
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့၌ ၂၀၂၆- ၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီအချိန်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ကဘော်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် တမူးခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းကိုကိုက "နိုင်ငံတော်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံကြပါစို့" ဆောင်ပုဒ်နဲ့အညီ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံနိုင်ရေး၊ ကျောင်းနေမြဲရေး၊ ပညာဆက်လက်သင်ယူနိုင်ရေး လုပ်ငန်းစဉ်များအတွက် အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ လူမှုရေးအဖွဲ့အစည်းများ၊ကျောင်းအကျိုးတော်ဆောင်များ၊ ပညာရေးဝန်ထမ်းများ၊ စေတနာရှင်မိဘပြည်သူများ ပူးပေါင်း၍ ဆောင်ရွက်ကြရန်လိုကြောင်း၊ ယခုပညာသင်နှစ်တွင် ၂၀၂၁- ၂၀၂၂ ပညာသင်နှစ်မှစ၍ အကြောင်းအမျိုးမျိုးကြောင့် ပြင်ပရောက်ရှိနေသော မူလတန်းအဆင့် (Grade-2 မှ Grade-5) အလယ်တန်းအဆင့် (Grade-6မှ Grade-9) ကျောင်းနေအရွယ်ကလေးများ အသက်အရွယ်အရ သတ်မှတ်ထားသည့်အတန်းများသို့ ဝင်ရောက်ပညာသင်ကြားနိုင်ရေး Placement Test (အထူးအစီအစဉ်)ဖြေဆိုရန် ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့ပြီး မြို့နယ်ပညာရေးမှူး ဦးစောစီးစယ်က ကျောင်းအပ်နှံနိုင်ရေးလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ဆက်လက်ပြီး မြို့နယ်အတွင်း ယာယီနေရပ်စွန့်ခွာ ကျောင်းသား/ ကျောင်းသူများမှ စာရေးကိရိယာအခက်အခဲရှိသည့် ကျောင်းသား/ကျောင်းသူ(၁၄၁)ဦးတို့အား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက စာရေးကိရိယာများ ထောက်ပံ့ပေးအပ်ခဲ့သည်။
အဆိုပါအခမ်းအနားသို့ ခရိုင်နှင့်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် ပညာရေးမှူးများ၊ ဌာနဆိုင်ရာများ၊ ခရိုင်နှင့်မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ဆရာ/ ဆရာမများ၊ကျောင်းသားမိဘများ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
ထို့နောက် တက်ရောက်လာကြသည့် ခရိုင်နှင့်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ ကျောင်းအပ်နှံနေမှုများအား ကြည့်ရှုအားပေးခဲ့ပြီး ကျောင်းသား/ကျောင်းသူများ၊ မိဘများအား ရင်းရင်းနှီးနှီးနှုတ်ဆက်၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
တမူးမြို့နယ်တွင် အခြေခံပညာကျောင်းများ၊ ပုဂ္ဂလိကကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတို့၌ မေလ ၂၅ ရက်နေ့မှ မေလ ၂၇ ရက်နေ့အထိ ကျောင်းသား/ကျောင်းသူ ၄၇၂၉ ဦး ကျောင်းအပ်နှံထားပြီးဖြစ်ကြောင်း သိရသည်။
ရတနာ