ပွင့်ဖြူ မေ ၂၈
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယမန်နေ့နံနက် (၉)နာရီခွဲက ပွင့်ဖြူမြို့ အခြေခံပညာအထက်တန်းကျောင်း အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ကျောင်းသား။ ကျောင်းသူများက “မြန်မာ့ကျောင်း” သီချင်းဖြင့်သီဆို၍ အခမ်းအနားကိုဖွင့်လှစ်ကာ မင်းဘူးခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအေးလွင်က အဖွင့်အမှာစကားပြောကြားသည်။
ဆက်လက်၍ မင်းဘူးခရိုင် ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်မာအေးက ကျောင်းနေအရွယ် ကလေးများအားလုံး ကျောင်းအပ်နှံရေးနှင့် အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပြင်ပရောက်ရှိနေသော ကလေးများအတွက် Placement Test ဆိုင်ရာ သိကောင်းစရာများကို ရှင်းလင်းပြောကြားပြီး ပွင့်ဖြူမြို့နယ်ပညာရေးမှူး ဒေါ်မြင့်မြင့်သိန်းက ကျောင်းအပ်နှံရေးနေ့ သီတင်းပတ်နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအေးလွင်နှင့် တာဝန်ရှိသူများက အခြေခံပညာ ကျောင်းသား၊ ကျောင်းသူများအတွက် ပညာရေးဝန်ကြီးဌာနမှ အခမဲ့ထောက်ပံ့ပေးအပ်သော ကျောင်းဝတ်စုံ၊ ကျောင်းသုံးပြဌာန်းစာအုပ်များ၊ ဗလာစာအုပ်နှင့် စာရေးကိရိယာပစ္စည်းများကို ကျောင်းသား၊ ကျောင်းသူများထံ ထောက်ပံ့ပေးအပ်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများက “ဇာတိမာန်”သီချင်းဖြင့် သီဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)