ပွင့်ဖြူမြို့ ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်း၌ ရှေးဦးအရွယ်ကလေးသူငယ်ဖွံ့ဖြိုးမှုဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

ပွင့်ဖြူ မေ ၂၈

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ ကြီးမှူးကျင်းပသည့် ရှေးဦးအရွယ်ကလေးသူငယ်ဖွံ့ဖြိုးမှုဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ ၃ နာရီက ပွင့်ဖြူမြို့ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း၌ ကျင်းပသည်။

ရှေးဦးစွာ မင်းဘူးခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်မာမာဌေးက အဖွင့်အမှာစကားပြောကြားပြီး ပွင့်ဖြူမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်မော်မော်ဇင်က ရှေးဦးအရွယ်ကလေးသူငယ်ဖွံ့ဖြိုးမှုဆိုင်ရာများနှင့်စပ်လျဉ်း၍ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှုများ၊ ကလေးငယ်များ ကာယ၊ ဉာဏဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်ရမည့်အချက်များ၊ တစ်ကိုယ်ရေကျန်းမာသန့်ရှင်းရေးဆိုင်ရာ သိကောင်းစရာများကို အသိပညာပေး ဆွေးနွေးပြောကြားသည်။

ထို့နောက် မင်းဘူးခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်မာမာဌေး၊ ပွင့်ဖြူမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်မော်မော်ဇင်နှင့်အဖွဲ့ဝင်များက ပွင့်ဖြူမြို့ ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများကို ဆေးစိမ်ခြင်ထောင်နှင့် တစ်ကိုယ်ရည်သုံးပစ္စည်းများကို ထောက်ပံ့ပေးအပ်ကာ ကြက်ဥနှင့် ငှက်ပျောသီး အာဟာရဖြည့်စွက်စာများ ကျွေးမွေးခဲ့ကြောင်း သိရသည်။

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)