ကျုံပျော်မြို့ မြို့မဈေးအတွင်း မီးဘေးကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်မှုပြုလုပ်

ကျုံပျော်  ဇန်နဝါရီ  ၁၉

ပြည်သူများ မီးဘေးအန္တရာယ်ကြောင့် နစ်နာဆုံးရှုံးမှုမရှိစေရေး၊ ဈေးအတွင်းရှိကုန်စည်များ မီးဘေးအန္တရာယ် ကျ‌ရောက်မှု မရှိစေရေး အတွက် မီးဘေးကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်မှု ပြုလုပ်ခြင်းကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော် မြို့နယ်၊ မြို့မဈေးအတွင်း၌ ယမန်နေ့ ညနေ ၃ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာသို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် မန်းဂျော်နီ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးမိုး၊ စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးခင်မောင်သန်း၊ မြို့နယ်မီးသတ်တပ်ဖွဲ့မှူး ဦး‌အောင်စိန်ဘွင့်နှင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြပြီး၊ မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ မြို့မဈေးမီးဘေး လုံခြုံရေးအဖွဲ့များ ပူးပေါင်းကာ အောက်ဆီဂျင်ဖြတ် မီးငြှိမ်းသတ်နည်း၊ မီးသတ်ဆေးဘူးဖြင့် မီးငြှိမ်းသတ်နည်း၊ ရေဖြင့်ပက်ဖြန်း မီးငြှိမ်းသတ်နည်းတို့ကို လက်တွေ့ သရုပ်ပြသကာ ဇာတ်တိုက်လေ့ကျင့် ခဲ့ကြသည်။

ကျုံပျော်မြို့ မြို့မဈေးအတွင်း မီးဘေးလုံခြုံရေးအတွက် အသင့်သုံး မီးသတ်ရေငုတ်များ၊ ရေစက်နှင့် မီးသတ် ရေပိုက်များအပြင် မီးသတ်ဆေးဗူးများကိုလည်း အဆင်သင့်အသုံးပြုနိုင်ရန် ဈေးရုံများအတွင်း ချိတ်ဆွဲထားရှိ ပေးထားကြောင်း သိရသည်။

နေဝင်းမြင့်(ကျုံပျော်)