ငွေဆောင်မြို့၌ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲများ ကျင်းပပြုလုပ်

​ငွေဆောင် မေ ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့အတွင်း ဒေသဖွံ့ဖြိုးရေးနှင့် အုပ်ချုပ်ရေးလုပ်ငန်းများ ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် ကျောက်ဖျာကျေးရွာအုပ်စုနှင့် အမှတ်(၃)ရပ်ကွက်တို့တွင် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရွေးချယ်ပွဲကို သတ်မှတ်ထားသည့် နေရာအသီးသီး၌ စနစ်တကျ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ရွေးချယ်ပွဲများသို့ ငွေဆောင်မြို့ အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြပြီး ရွေးချယ်ရေးလုပ်ငန်းစဉ်များအား ကြီးကြပ်ဆောင်ရွက်ခဲ့ကြသည်။ ဦးစွာ မြို့အုပ်ချုပ်ရေးမှူးက အုပ်ချုပ်ရေးမှူးရွေးချယ်ရခြင်း၏ ရည်ရွယ်ချက်၊ လိုက်နာရမည့် စည်းကမ်းချက်များနှင့် လုပ်ထုံးလုပ်နည်းများကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာကြသည့် မိဘပြည်သူများက မိမိတို့ရပ်ကွက်နှင့် ကျေးရွာအုပ်စု ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးဆောင်ဦးရွက်ပြုနိုင်မည့် အရည်အချင်းပြည့်ဝပြီး ပြည်သူ့အကျိုး သယ်ပိုးမည့်သူများကို ဒီမိုကရေစီနည်းလမ်းတကျ ပွင့်လင်းမြင်သာစွာဖြင့် မဲပေးရွေးချယ်ခဲ့ကြသည်။

ထို့နောက် ကြီးကြပ်ရေးအဖွဲ့ခေါင်းဆောင်များမှ မဲရလဒ်များကို ရေတွက်ကြေညာခဲ့ပြီး ရွေးချယ်ခံရသူများအား သက်ဆိုင်ရာတာဝန်ရှိသူများက အတည်ပြုကြေညာခဲ့ကြောင်း သိရသည်။

ငွေဆောင်(ပြန်/ဆက်)