ကန့်ဘလူ မေ ၂၈
ကျောင်းသားမိဘများ၊ ကျောင်းသား၊ ကျောင်းသူလူငယ်များ လေးစားအားကျအတုယူ ဂုဏ်ယူနိုင်စေရန်နှင့် ဗဟိုအဆင့်တွင် ထိုက်တန်စွာရွေးချယ်ခံခဲ့ရသည့် ကန့်ဘလူခရိုင်အတွင်းရှိ လူရည်ချွန်မောင်မယ်များအား လှိုက်လှဲစွာကြိုဆိုဂုဏ်ပြုပွဲကို မေ ၂၄ ရက်ကကျင်းပရာ လူရည်ချွန်များသည် အထက(၁) ကန့်ဘလူမှ စတင်ထွက်ခွါလာရာ ယုဇနလမ်း၊ စည်ပင်သာယာလမ်း၊ မဟာရွှေစည်ကြီးစေတီတော်၊ ဘူတာလမ်း၊ တပင်ရွှေထီးလမ်းမှ ဂုဏ်ပြုပွဲ အခမ်းအနားကျင်းပမည့် ကန့်ဘလူခရိုင် စုပေါင်းရုံးသို့ရောက်ရှိပြီး လမ်းတစ်လျှောက်တွင် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းသားမိဘများ၊ ဒေသခံပြည်သူများက ဂုဏ်ယူစွာဖြင့် ကြိုဆိုကြသည်။
ဆက်လက်၍ ခရိုင်စုပေါင်းရုံး ရွှေဆည်မြိုင်ခန်းမ၌ ကျွန်းလှမြို့နယ်မှ လူရည်ချွန်(နှစ်ထပ် ကွမ်း)မောင်တင်စိုးဝင်း G-12 ၊ လူရည်ချွန်(နှစ်ထပ်ကွမ်း) မသီရိစံ G-12 ၊ လူရည်ချွန် မောင်ဟိန်းခန့်ဇော် G-9 ၊ ကန့်ဘလူမြို့နယ်မှ လူရည်ချွန် မောင်ခန့်ညားသွင် G-11 ၊ မအိမ့်ကြည်ဖြူမောင် G-11 ၊ မောင်ထက်ဝေယံအောင် G- 10၊ မရတီချို G10 ၊ မဟန်ယုစံ G-9 တို့အား ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများ၊ ခရိုင်/မြို့နယ်ပညာရေးမှူးများနှင့် ကျောင်းအုပ်ကြီးများ၊ ကိုယ်ပိုင်ကျောင်းများ၊ နိုင်ငံရေးပါတီများ၊ လုပ်ငန်းရှင်များ၊ မြို့မမြို့ဖများက ဂုဏ်ပြုဆုငွေများ အသီးသီးပေးအပ် ချီးမြှင့်ရာ စုစုပေါင်း ၅၅ သိန်း ၅ သောင်း ဂုဏ်ပြုချီးမြှင့်ခဲ့ကြောင်း သိရသည်။
ကန့်ဘလူခရိုင်တွင် လူရည်ချွန်မောင်မယ်များအား ဂုဏ်ပြုပွဲအခမ်းအနားများကျင်းပပြု လုပ်ခဲ့သော်လည်း ယခုလိုလူထုဖြင့် ကြိုဆိုခြင်းမရှိသေးကြောင်း၊ လူရည်ချွန်မောင်မယ်များ အနေဖြင့်လည်း မိမိကိုယ်ကိုယုံကြည်အားကိုးသည့်စိတ်ဓာတ်များ၊ အများအကျိုးသည်ပိုး ဆောင်ရွက်လိုသည့်စိတ်ဓာတ်များ ရှင်သန်ထက်မြက်ခိုင်မာနေစေအောင်နှင့် ဘက်စုံအရည်အသွေးများ ပိုမိုဖွံ့ဖြိုးတိုးတက်ပြီး စံနမူနာပြလူငယ်များ၊ လူရည်ချွန် ထပ်ကွမ်းလူငယ်များ ဖြစ်အောင် ပိုမိုကြိုးစားလိုစိတ်များ ပေါ်ပေါက်လာအောင် ကြိုဆိုဂုဏ်ပြုပွဲကို ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း တာဝန်ရှိသူတဟ်ဦးထံမှ သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)