ဘားအံ မေ ၂၈
(၂၀၂၆-၂၀၂၇)ပညာသင်နှစ် ကျောင်းကျန်းမာရေးလုပ်ငန်း ကော်မတီအစည်းအဝေးကို ယမန်နေ့မွန်းလွဲ (၂)နာရီက ကရင်ပြည်နယ်၊ ဘားအံမြို့ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ကျောင်း ကျန်းမာရေးလုပ်ငန်းကော်မတီနာယက ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးစောထွန်းအောင်က တက်ရောက်အမှာစကားပြောကြားသည်။
ဦးစွာ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးစောထွန်းအောင်က ကရင်ပြည်နယ်အနေဖြင့် (၂၀၂၄-၂၀၂၅) ပညာသင်နှစ်တွင်ကျောင်းတွင်း အာဟာရကျွေးမွေးခြင်းလုပ်ငန်းကို စတင်ခဲ့ပြီး (၂၀၂၅-၂၀၂၆) ပညာသင်နှစ်တွင် အခြေခံပညာကျောင်း (ကိုးရာသုံးဆယ့်သုံးကျောင်း) (၉၃၃)မှ KG ကျောင်းသား၊ ကျောင်းသူ (နှစ်သောင်းတစ်ထောင်ခုနစ်ရာဦး) (၂၁၇၀၀) ကို ကျွေးမွေးနိုင်ခဲ့ပါကြောင်း ယခုလို အောင်မြင်အောင် ဆောင်ရွက်နိုင်ခြင်းမှာ ကရင်ပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်ပံ့ပိုးမှု ပြည်နယ်ပညာရေးမှူးနှင့် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးတို့၏ အနီးကပ်ဦးဆောင်မှုဖြင့် အခြေခံကျန်းမာရေးဝန်ထမ်းများနှင့် ပညာရေးဝန်ထမ်းများမှ ပူးပေါင်း၍ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့ကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးစသိန်းကျော်က ကျောင်းကျန်းမာရေးလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ဒုတိယပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဝင်းပပဌေးမှ ကျောင်းကျန်းမာရေးလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် ကျောင်းကျန်းမာရေးလုပ်ငန်းကော်မတီအစည်းအဝေးသို့ တက်ရောက်လာသည့် တာဝန်ရှိသူများက အထွေထွေကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြရာ ပြည်နယ်လူမှုရေးရာဝန်ကြီးက လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)