ဝေါ မေ ၂၈
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီခွဲက အခြေခံပညာအထက်တန်းကျောင်း(ဝေါ) သီရိဇေယျာခန်းမ၌ ကျင်းပသည်။
ဦးစွာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်လွင်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသက်တိုးဝင်း၊ မြို့နယ်ပညာရေးမှူး ဒေါ်လှကြူမာ၊ မြို့နယ်စီမံကိန်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ရင်သွယ်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာဆုဝေကျော်၊ မြို့နယ်ရဲတပ်ဖွဲ့မှ ဒုတိယရဲမှူး စိုးမိုးအောင်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး မှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးခဲ့ကြသည်။
အဆိုပါအခမ်းအနားကို အခြေခံပညာအထက်တန်းကျောင်း(ဝေါ)မှ ကျောင်းသား၊ ကျောင်းသူများက “ကျောင်းအပ်ကြစို့” သီချင်းဖြင့် သီဆိုဖျော်ဖြေပြီး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်လွင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်က လွှတ်တော်၏လုပ်ငန်းစဉ်များနှင့် ဆက်စပ်ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် မြို့နယ်ပညာရေးမှူး ဒေါ်လှကြူမာက ကျောင်းအပ်နှံရေးနှင့်ပတ်သက်၍ ယနေ့ခေတ်သည် ပညာခေတ်ဖြစ်သည့်အတွက် ပညာရေးကဏ္ဍမြင့်မားလာစေရန် အားလုံးပူးပေါင်းဆောင်ရွက်ပေးနိုင်ရေးနှင့် ကျောင်းအပ်နှံရေးကိစ္စရပ်များ၊ သင်ကြားပို့ချရေးဆိုင်ရာကိစ္စရပ်များ၊ ကျောင်းပြင်ပဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ အလှူရှင်များကို ဂုဏ်ပြုလွှာများပေးအပ်ခြင်းနှင့်ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံတော်အစိုးရမှ အခမဲ့ထောက်ပံ့ပေးအပ်သော မူလတန်းကျောင်းဝတ်စုံ၊ ကျောင်းသုံးပုံနှိပ်စာအုပ်၊ ဗလာစာအုပ်၊ ခဲတံ၊ ဘောပင်တို့ကို တက်ရောက်လာကြသည့် တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာအကြီးအကဲများက ပေးအပ်ခဲ့ကြ၍ အခြေခံပညာအထက်တန်းကျောင်း(ဝေါအရှေ့) မှ ကျောင်းသား၊ ကျောင်းသူများက “ဇာတိမာန်” သီချင်းဖြင့် သီဆိုဖျော်ဖြေပြီး အခမ်းအနားပြီးမြောက်ခဲ့ကြောင်း သိရသည်။
အာကာ (ပြန်/ဆက်)