ဖျာပုံ မေ ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ၂၀၂၆- ၂၀၂၇ ပညာသင်နှစ် မြို့နယ်အဆင့်ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို မေလ (၂၇) ရက်နေ့ နံနက် (၉)နာရီအချိန်က ဖျာပုံမြို့ အ.ထ.က (၁) ကျောင်း အောင်မြေခန်းမ၌ ကျင်းပသည်။
အဆိုပါ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားတွင် ဖျာပုံခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်လွင်ဦးက ကျောင်းနေ အရွယ်ကလေးအားလုံး ပညာသင်ကြားနိုင်ရေး မူလတန်းအရွယ်ကလေးအားလုံး ကျောင်းအပ်နှံရေး ကျောင်းသား၊ ကျောင်းသူအားလုံး အနည်းဆုံး (KG+9) ပြီးမြောက်အောင်မြင်ရေး ကျောင်းဝင်နှုန်းတိုးမြှင့်ပြီး တန်းစဉ်ကူးပြောင်းမှု မြင့်မားရေးနှင့် ကျောင်းထွက်နှုန်းလျော့နည်းကျဆင်းရေးတို့အတွက် သက်ဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ/ ဆရာမများ၊ မိဘများအားလုံးက ကျရာအခန်းကဏ္ဍမှ တက်ကြွစွာပူးပေါင်း ပါဝင်ကြစေလိုကြောင်း၊ နိုင်ငံတော်က သင်ရိုးညွှန်းတမ်းစာအုပ်များ၊ ဗလာစာအုပ်များ၊ စာရေးကိရိယာများနှင့် ကျောင်းဝတ်စုံများ အခမဲ့ထောက်ပံ့ပေးလျက်ရှိကြောင်း ပြောကြားသည်။ ထို့နောက်ဖျာပုံမြို့ အ.ထ.က (၁) ကျောင်း ကျောင်းသား၊ ကျောင်းသူကလေးများမှ “မြန်မာ့ကျောင်း” သီချင်းဖြင့်လည်းကောင်း၊ အ.ထ.က (၃)ကျောင်း၊ ကျောင်းသား၊ ကျောင်းသူကလေးများမှ "ဇာတိမာန်" သီချင်းဖြင့်လည်းကောင်း အသီးသီး သီဆိုဖျော်ဖြေကြသည်။
ဆက်လက်၍ ဖျာပုံခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်လွင်ဦးနှင့်အဖွဲ့ဝင်များ၊ ဖျာပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်စိုးစိုးရီ၊ ဖျာပုံခရိုင် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်သီတာကြိုင်နှင့်အဖွဲ့ဝင်များ၊ ဖျာပုံခရိုင်ပညာရေးမှူး ဦးဝင်းအောင်၊ ဖျာပုံမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်ဝင်းနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ တာဝန်ရှိသူများမှ အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ စာရေးကိရိယာများအား အခမဲ့ပေးအပ်ကြရာ သက်ဆိုင်ရာကျောင်းအလိုက် ကျောင်းသား၊ ကျောင်းသူများမှ အသီးသီးလက်ခံရယူကြကြောင်း သိရှိရသည်။
အောင်ဝင်းနိုင်