ရွှေတောင် မေ ၂၈
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်မှ နိုင်ငံ့တာဝန်ကိုကျေပွန်စွာထမ်းဆောင်ခဲ့ကြသည့် နိုင်ငံ့သားကောင်းရတနာ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၂)မှ ပြည်သူ့စစ်မှုထမ်းများအား အိမ်ပြန်ခရီးလမ်းတွင် တာဝန်ရှိသူများနှင့် မိသားစုဝင်များအပြင် ဒေသခံပြည်သူများကပါ ဝမ်းမြောက်စွာဂုဏ်ပြုကြိုဆိုခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့၌ ကျင်းပသည်။
ထိုသို့ ဂုဏ်ပြုကြိုဆိုရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဟံဝင်းအောင်နှင့်အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးခင်အောင်ဝင်း၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ မိသားစုဝင်များနှင့် ဒေသခံပြည်သူများက ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၂)မှ (၂၃)ဦးတို့အား ဂုဏ်ပြုပန်းကုံးများ၊ အောင်သပြေခက်များ၊ ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ပြီး စည်စည်ကားကား သိုက်သိုက်ဝန်းဝန်း ဂုဏ်ပြုကြိုဆိုခဲ့ကြပြီး ပြည်သူ့စစ်မှုထမ်း(၃)ဦးက မိမိတို့တာဝန်ထမ်းဆောင်ခဲ့ရသည့် အခြေအနေများနှင့် ကျေးဇူးတင်စကားများကို ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
ကိုကိုမင်း (ပြန်/ဆက်)