ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် (၂၉)ကြိမ်မြောက် ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာပန်းချီ ပြိုင်ပွဲ ကြည့်ရှုအားပေး

ပုသိမ် မေ ၂၈

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် (၂၉)ကြိမ်မြောက် ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာပန်းချီ ပြိုင်ပွဲကို ယမန်နေ့နံနက်ပိုင်းက ပုသိမ်မြို့၊ အမှတ်(၁၁) အခြေခံပညာအထက်တန်းကျောင်း(မြို့မ)တွင် ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည် တာဝန်ရှိသူများနှင့်အတူ ကျောင်းသား၊ ကျောင်းသူများ၏ ပါဝင်ယှဉ်ပြိုင်နေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တာဝန်ရှိသူများသည် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၂၆)မြို့နယ်မှ အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၁၃၇)ဦးတို့က အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ကွန်ပျူတာပန်းချီ၊ ပန်းချီ၊ ပိုစတာ၊ ကာတွန်းပြိုင်ပွဲများတွင် ဝင်ရောက်ပါဝင်ယှဉ်ပြိုင်နေမှုများကို လိုက်လံကြည့်ရှုအားပေးခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဆိုပါ အမှတ်(၁၁) အခြေခံပညာအထက်တန်းကျောင်း(မြို့မ)တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်လက်ခံနေမှုများကို ကြည့်ရှုအားပေးခဲ့ကာ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ စာရေးကိရိယာများ ပေးအပ်ခဲ့သည်။

ဆက်လက်၍  တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပုသိမ်မြို့၊ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းများသို့ သွားရောက်၍ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်လက်ခံနေမှုများကို ကြည့်ရှုအားပေးကာ တာဝန်ရှိသူများအား ကျောင်းနေအရွယ်ကလေးများအားလုံး ရာနှုန်းပြည့် ကျောင်းတက်ရောက်စေရေး၊ စဉ်ဆက်မပြတ် အတန်းစဉ်ကူးပြောင်းရေး ဆရာ၊ မိဘများ ပူးပေါင်းဆောင်ရွက်သွားကြရန် မှာကြားခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများအား ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ စာရေးကိရိယာများပေးအပ်ခဲ့ကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)