ပြည် မေ ၂၇
နိုင်ငံတော်အစိုးရနှင့် ပြည်သူအကြား ဆွေးနွေးပြောကြားနိုင်သည့် အခွင့်အလမ်းများ ဖော်ဆောင်ပေးရန်၊ ရပ်ရွာရှိအကြောင်းအရာများကို အများပြည်သူကြားတွင် ဆွေးနွေးမှုများ ရှိလာစေရန်နှင့် ပြည်သူလူထုမှ ပါဝင်ဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ "ကျေးလက်ဒေသဖွံံ့ဖြိုးရေး" ပြည်သူ့စကားဝိုင်းကို ယနေ့နံနက် ၉ နာရီက ပြည်မြို့နယ်၊ဇီးအုပ်အုပ်စု၊ ရွှေမြောင်ကျေးရွာဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြည်မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ဇင်ဦးက အဖွင့်အမှာစကား ပြောကြားပြီး ပြည်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးအောင်က စကားဝိုင်း၏ စေ့စပ်ညှိနှိုင်းရေးမှူးအဖြစ် ဦးဆောင်ဆွေးနွေး၍လည်းကောင်း၊ ပါဝင်ဆွေးနွေးကြသည့် ကျေးလက်လမ်းဦးစီးဌာန၊ အသေးစားစက်မှုလက်မှုဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ သမဝါယမဦးစီးဌာနနှင့် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲ့မှုဦးစီးဌာနတို့က ကျေးလက်ဒေသဖွံ့ဖြိုးရေးဆိုင်ရာများကိုလည်းကောင်း အသီးသီးရှင်းလင်းဆွေးနွေးရာ ဒေသခံပြည်သူများက မေးမြန်းဆွေးနွေးခြင်းများနှင့် တာဝန်ရှိသူများက ပြန်လည်ဖြေကြားခြင်းများ ဆောင်ရွက်ခဲ့သည်။
အဆိုပါ ပြည်သူ့စကားဝိုင်း ဆွေးနွေးပွဲသို့ ပြည်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပြည်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့် အဖွဲ့များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများ စုစုပေါင်း(၁၁၅)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
ဝဏ္ဏထွန်း(ပြန်/ဆက်)