ရွှေကျင် မေ ၂၇
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်တွင် အခွန်ကောက်ခံမှု အထောက်အကူပြုအဖွဲ့ အခွန်ပညာပေး ရှင်းလင်းဆွေးနွေးပွဲကို ယနေ့ နံနက် (၁၀) နာရီက ရွှေကျင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဆွေးနွေးပွဲတွင် ရွှေကျင်မြို့နယ် အခွန်ကောက်ခံမှုအထောက်အကူပြုအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇေယျာဟိန်းနှင့် ရွှေကျင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်တိုးတို့မှ အခွန်ထမ်းပြည်သူများအနေဖြင့် တာဝန်သိလိုလားစွာဖြင့် အခွန်ပေးဆောင်စေရန်နှင့် အခွန်ထမ်းမဖြစ်သေးသူများအား အခွန်ထမ်းဖြစ်လာစေရန် လိုအပ်ကြောင်း၊ စားသောက်ဆိုင်၊ ဟိုတယ်၊ တည်းခိုခန်းနှင့် ရွှေဆိုင်များမှ ပြေစာများ ထုတ်ပေးနိုင်ရေး ဝိုင်းဝန်းကြိုးပန်းဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ရွှေကျင်မြို့နယ် ပြည်တွင်းအခွန်များဦးစီးဌာန၊ မြို့နယ်အခွန်ဦးစီးဌာနမှူး ဦးစောကျော်သူဟန်က ပြေစာများအပေါ် အခွန်အမှတ်တံဆိပ်ကပ်နှိပ်ခြင်းဆိုင်ရာ သိကောင်းစရာများ၊ အခွန်အကြောင်းအရာ သိကောင်းစရာများကို ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။
ဆွေးနွေးပွဲသို့ ရွှေကျင်မြို့နယ် အခွန်ကောက်ခံမှုအထောက်အကူပြုအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်တိုး၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ထွန်းထွန်းဇော်(ပြန်/ဆက်)