ဟုမ္မလင်း မေ ၂၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်၌၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ "စုပေါင်းစံပြဝက်မွေးမြူရေးလုပ်ငန်းနှင့် တိုင်းရင်းကြက်မွေးမြူရေးလုပ်ငန်း" တည်ထောင်ရန်အတွက်၊ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးဘတ်ဂျက်ဖြင့် ဝက်သားပေါက်နှင့် တိုင်းရင်းကြက်ဖြန့်ဖြူးခြင်းနှင့် နည်းပညာပေး သင်တန်းအခမ်းအနားကို ယနေ့နံနက် (၉) နာရီအချိန်က၊ ဟုမ္မလင်းမြို့နယ်၊ အမက (ခွဲ) စွယ်ကြာပေါ်ကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသိန်းဇော်က အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာခင်စန္ဒာဝင်းက၊ ဒေသခံပြည်သူများ၏ အစားအစာဖူလုံရေးနှင့် အသားဓာတ်ရရှိမှုတိုးတက်စေရန်၊ ကျေးလက်ပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရန်၊ မိသားစုဝင်ငွေ တိုးပွားလာစေရန်နှင့် လူမှုစီးပွားဘဝတိုးတက်ကောင်းမွန်ရန်၊ စံပြဝက်မွေးမြူရေးနည်းစနစ်များကို လက်တွေ့ပြသ၍ မွေးမြူရေးပညာဖြန့်ဝေရန်၊ တိုင်းရင်းကြက်မျိုးများကို ထိန်းသိမ်းဖွံ့ဖြိုးစေပြီး ဒေသအတွင်းဖြန့်ဖြူးပေးရန်၊ ကျန်းမာသန့်ရှင်းသော မွေးမြူရေးထုတ်ကုန်များ ထုတ်လုပ်နိုင်စေရန်၊ မွေးမြူရေးလုပ်ငန်းမှတစ်ဆင့် ဒေသစီးပွားရေးဖွံဖြိုးရေးတိုးတက်စေရန် စသည့်ရည်ရွယ်ချက်များဖြင့် ဝက်သားပေါက်နှင့် တိုင်းရင်းကြက်ဖြန့်ဖြူပေးခြင်းကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ အခမ်းအနားတက်ရောက်လာသော မွေးမြူရေးတောင်သူများအား ဝက်သားပေါက် (၃၀) ကောင်နှင့် တိုင်းရင်ကြက် (၃၀၀) ကောင်အား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသိန်းဇော်နှင့် တာဝန်ရှိသူများက လက်ဝယ်ပေးအပ်ခဲ့ကြောင်း သိရသည်။
ထို့နောက် ဝက်မွေးမြူခြင်း၊ တိုင်းရင်းကြက်မွေးမြူခြင်းတို့နှင့်ပတ်သက်၍ နည်းပညာပေးသင်တန်းပို့ချခဲ့ရာ၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာခင်စန္ဒာဝင်း၊ ဒုတိယဦးစီးမှူး ဒေါက်တာဇင်မင်းထက်နှင့် ဒေါက်တာခန့်ဝင်းတို့က ဇီဝလုံခြုံမှုကောင်းမွန်အောင် စနစ်တကျမွေးမြူရန်၊ ကူးစက်ရောဂါများမဖြစ်အောင် မွေးမြူကြရန်၊ တစ်နိုင်တစ်ပိုင်မွေးမြူရာမှ ဝက်နှင့် ကြက်ကောင်ရေတိုးပြီး ဝင်ငွေများတိုး၍ မွေးမြူရေးနှင့် စီးပွားဖြစ်ထွန်းလာနိုင်စေရန်၊ မွေးမြူသင့်ကြောင်း ရှင်းလင်းပို့ချခဲ့ပြီး သင်တန်းတက်ရောက်လာသော မွေးမြူရေးတောင်သူများမှ မိမိတို့သိလိုသည်များအား မေးမြန်းဆွေးနွေးခဲ့ကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြကြောင်း မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ သိရသည်။
ဟုမ္မလင်း (ပြန်/ဆက်)