မင်းဘူး ဇန်နဝါရီ ၁၉
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်တွင် ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ အသစ်ပြန်လည် ရွေးချယ် နိုင်ရန်အတွက် ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးဝန်ကြီးဌာန၏ ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာ ၂၂ ရက်နေ့ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၄၅၄/၂၀၂၀)ဖြင့် ထုတ်ပြန်ခဲ့သည့် ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးဆိုင်ရာ ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေ၊ နည်းဥပဒေ များအကြောင်း ထပ်ဆင့် ရှင်းလင်း ဆွေးနွေးခြင်းများကို ကျေးရွာအုပ်စုအလိုက် ကွင်းဆင်းဆောင်ရွက် လျက်ရှိကြောင်း မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ယမန်နေ့မွန်းလွဲပိုင်းက ဖလံတော၊ ခန်ကုန်း၊ ကဘဲမကျီးချောင်းနှင့် ပန်းလွှား ကျေးရွာအုပ်စုများတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးသိန်းနိုင်ဝင်း၊ အပူပိုင်း ဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဝင်းဘို၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး ဦးစီးအရာရှိ ဒေါ်ရည်မွန်ဖွေးနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ညိုညိုဝင်းတို့က ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူး ရွေးချယ်ရေးလုပ်ငန်းစဉ်များ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးနှင့် ကျေးရွာတာဝန်ခံ များရွေးချယ်ရေး လုပ်ငန်းအဆင့်အဆင့်နှင့် ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဆိုင်ရာ ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေ၊ နည်းဥပဒေများအကြောင်းကို ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ရာ တက်ရောက်လာကြသူများက သိရှိလိုသည်များ မေးမြန်းမှုအပေါ် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ပြီး ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ အသစ်ပြန်လည် ရွေးချယ်ရာတွင် စည်းကမ်းသတ်မှတ်ချက်များနှင့် အညီ ပူးပေါင်းပါဝင်ဆောင်ရွက်သွားကြရန် မှာကြားခဲ့သည်။
မင်းဘူး(စကု)မြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စု (၇၄)အုပ်စု၊ ကျေးရွာပေါင်း (၁၅၀)ရှိပြီး မြို့နယ်အဆင့်ဌာနဆိုင်ရာအဖွဲ့များနှင့် မြို့နယ်ထွေ/အုပ်ဝန်ထမ်းများက ကျေးရွာအုပ်စုအလိုက် သွားရောက်၍ ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဆိုင်ရာ ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပေဒ၊ နည်းဥပဒေများကို ထပ်ဆင့်ရှင်းလင်းခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မောင်မောင် (မင်းဘူး)