တနင်္သာရီ မေ ၂၇
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၌ အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်နှင့် လူငယ်များ ကျန်းမာကြံ့ခိုင်စေရန် ရည်ရွယ်၍ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား မိုးရာသီအလွတ်တန်း အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ၂၀၂၆ ခုနှစ် မေလ ၂၅ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်အချိန်တွင် ပြိုင်ပွဲဝင်အသင်း ၈ သင်းဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ အမှတ် (၃) စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး မိုးမင်းဝင်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက လူငယ်များအနေဖြင့် အားကစားစိတ်ဓာတ် အပြည့်အဝဖြင့် ပါဝင်ယှဉ်ပြိုင်ကြရန်၊ အသင်းအဖွဲ့စိတ်ဓာတ်နှင့် စည်းကမ်းလိုက်နာမှုတို့ကို အလေးထားဆောင်ရွက်ကြရန်၊ အားကစားသည် လူငယ်များ၏ ကိုယ်ကျန်းမာစိတ်ချမ်းသာမှုကို မြှင့်တင်ပေးနိုင်သည့်အပြင် လူမှုအသိုင်းအဝိုင်းအတွင်း စည်းလုံးညီညွတ်မှုကိုလည်း ဖြစ်ပေါ်စေကြောင်း၊ ယခုကဲ့သို့ မိုးရာသီဘောလုံးပြိုင်ပွဲများ ကျင်းပပေးခြင်းဖြင့် လူငယ်များ၏ အားကစားစွမ်းရည်များ ပိုမိုတိုးတက်လာမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် မိုးရာသီအလွတ်တန်း အမျိုးသားဘောလုံးပြိုင်ပွဲကို ဆက်လက်ကျင်းပခဲ့ရာ ပြိုင်ပွဲဝင်အသင်းများက အားမာန်အပြည့်ဖြင့် ယှဉ်ပြိုင်ကစားခဲ့ကြပြီး ပရိသတ်များ၏ အားပေးမှုဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
တနင်္သာရီ(ပြန်/ဆက်)