သံတောင်ကြီး မေ ၂၆
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၌ ဒေသခံပြည်သူများ ယာဉ်စည်းကမ်း လမ်းစည်းကမ်းများ သိရှိစေရန်အတွက် သံတောင်ကြီးမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် (၁၀) နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဦးစွာ သံတောင်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်နော်လော်မူက ယာဉ်စည်းကမ်း လမ်းစည်းကမ်း ပြုလုပ်ရခြင်း ရည်ရွယ်ချက်နှင့် စာဖတ်ခြင်း အကျိုးကျေးဇူးများ ဆွေးနွေးပြီး သံတောင်ကြီးမြို့မစခန်းမှ ဒုရဲအုပ်ဇော်ထိုက်ဦး ကမီးပွိုင့်များတွင် တပ်ဆင်ထားသော လမ်းဆုံနေရာများတွင် လိုက်နာရမည့်အချက်များ၊ ယာဉ်ကွေ့ရာတွင် သတိပြုရမည့်အချက်များ၊ လမ်းဖြတ်ကူးရာတွင်ဆောင်ရန် ရှောင်ရန်များ၊ ယာဉ်များ ကျော်တက်ရာတွင် သတိပြုရမည့်အချက်များ၊ ဆိုးဝါးသော ရာသီဥတု အခြေအနေကြောင့် မြင်ကွင်းရှင်းလင်းစွာ မမြင်ရချိန်တွင် ပြုလုပ်ရမည့်အချက်များ စသည့် အကြောင်းအရာများ အကျယ်တဝင့် ရှင်းလင်းဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
ထို့နောက် တက်ရောက်လာသော ဒေသခံပြည်သူများက ယာဉ်စည်းကမ်း လမ်းစည်းကမ်းနှင့် ပတ်သက်၍ သိရှိလိုသည့် အကြောင်းအရာများအား မေးမြန်းရာ တာဝန်ရှိသူများက ဖြေကြားပေးခဲ့ကြောင်း သိရသည်။
နော်နော်မူ