မင်းလှမြို့၌ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တွင် ၂၀၂၆ ခုနှစ် မိုးသီးနှံစိုက်ပျိုးစရိတ် ချေးငွေများ ထုတ်ချေးပေးလျက်ရှိ

အထက်မင်းလှ မေ ၂၇

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့၌ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တွင် ၂၀၂၆ ခုနှစ် မိုးသီနှံစိုက်ပျိုးကြမည့် တောင်သူများအား မိုးသီးနှံစိုက်ပျိုးစရိတ် ချေးငွေများ ထုတ်ချေးပေးခြင်းကို ယနေ့ နံနက် ၉ နာရီခွဲက မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၌ ဆောင်ရွက်ခဲ့သည်။

အခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဌေးက အမှာစကား ပြောကြားပြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ဆွေနှင့် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးသိုက်စိုးဦးတို့က တောင်သူများ မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသန်းထွန်းအောင်က လိုအပ်သည်များ ထပ်မံရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်ပြီး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ မြို့နယ်မန်နေဂျာ ဒေါ်မေလပ်ဝင်းက မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၆-၂၀၂၇ ခုနှစ်၊ မိုးသီးနှံ စိုက်ပျိုးစရိတ် ဘဏ်ချေးငွေအား ထုတ်ချေးရန်အတွက် တောင်သူများပိုင်ဆိုင်ထားသော ပုံစံ(၇)မူရင်း များကို ဘဏ်အပေါင်အဖြစ် ထားရှိကာ တောင်သူတစ်ဦးချင်း ကိုယ်တိုင်အာမခံသည့်စနစ်ဖြင့် ရှင်းလင်းလွယ်ကူစွာထုတ်ချေးပေးလျက်ရှိကြောင်း ပြောကြားခဲ့သည်။

မင်းလှမြို့နယ်၌ ၂၀၂၆ ခုနှစ်တွင် ကျေးရွာ (၄၄) အုပ်စုမှ တောင်သူ (၃၂၂၂) ဦးတို့အား မိုးရာသီ ချေးငွေ စုစုပေါင်းငွေကျပ် ၄၉၈၇၅ သိန်း/- (ကျပ်သိန်း လေးသောင်းကိုးထောင်ရှစ်ရာခုနစ်ဆယ့်ငါး) ထုတ်ချေးရန် လျာထားခဲ့ပြီး ယနေ့ မေလ ၂၅ ရက်နေ့တွင်   ကျေးရွာ (၁) အုပ်စု တောင်သူ  (၁၆၈) ဦး အား မိုးရာသီချေးငွေ ၂၅၆၂.၅၀ သိန်း/- (ကျပ် သိန်းနှစ်ထောင်ငါးရာခြောက်ဆယ့်နှစ်သိန်းငါးသောင်း) ထုတ်ချေးပြီးဖြစ်ကြောင်း ကျန်ရှိသူများကိုလည်း ဆက်လက်ထုတ်ပေးမည်ဖြစ်ကြောင်း သိရသည်။

ဝင်းမြတ်(အထက်မင်းလှ)