မြို့သစ်မြို့နယ်တွင် တောင်သူနည်းပညာပေးသင်တန်း ဖွင့်လှစ်

မြို့သစ် မေ ၂၇

မကွေးတိုင်းဒေသကြီး၊  မကွေးခရိုင်  စိုက်ပျိုးရေးဦးစီးဌာနမှကြီးမှူးကျင်းပသည့် စိုက်ပျိုးရေးလုပ်ငန်းများနှင့်ပတ်သက်၍ တောင်သူနည်းပညာပေးသင်တန်းကို ယမန်နေ့နံနက်ပိုင်းက မြို့သစ်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ စိုက်ပျိုးပညာပေးရေးနှင့်ဒေသဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။

ဦးစွာ မကွေးခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်မာအေးက အဖွင့်မှာစကားပြောကြားပြီး မြိုသစ်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှူး  ဦးဉာဏ်မြင့်ဦးက သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားကာ သင်တန်းနည်းပြဆရာ  /ဆရာမများမှ ဒေသတွင်းတောင်သူများအတွက် ရင်းနှီးငွေအနည်းငယ်ဖြင့် အိမ်တွင်းတစ်ပိုင်တစ်နိုင်မှသည် စီးပွားဖြစ်ဝင်ငွေရရှိစေသော မှိုစိုက်ပျိုးထုတ်လုပ်နည်းဆိုင်ရာနည်းပညာများ၊ မျိုး၊ မြေ၊ ရေ၊ နည်းလမ်းဆိုင်ရာ စိုက်ပျိုးရေးနည်းပညာများအား သင်တန်းပို့ချခဲ့ရာတက်ရောက်လာသည့် တောင်သူများကသိရှိလိုသည်များ ပြန်လည်မေးမြန်းဆွေးနွေးခဲ့သည်။

အဆိုပါသင်တန်းသို့ မြို့နယ်စိုက်ပျိုး‌မွေးမြူရေး လုပ်ငန်းကြီးကြပ်မှု‌ကော်မတီဝင်များနှင့်မင်းရပ်ကွက်၊ လယ်ပြင်ရပ်ကွက်၊ ယင်းနားကုန်းကျေးရွာ၊ မြေခြားကျေးရွာ၊ ရွှေပန်းပင်ကျေးရွာတို့မှ ဒေသခံတောင်သူ(၅၀)ဦးတက်ရောက်ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနဝန်ထမ်းများမှ လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ဝင်းအိဇွန်(ပြန်/ဆက်)